
ဘိုင်ယန်မြူးနစ်ဟာ စိန့်ပေါ်လီကို (၅-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဘွန်ဒက်လီဂါ တရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မူစီယာလာက အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၇၁-၇၂ ရာသီက ဘိုင်ယန်ကိုယ်တိုင်တင်ထားတဲ့ ၁၀၁ ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ လီယွန်ဂိုရက်စကာက အသင်းအတွက် ၁၀၂ ဂိုးမြောက် စံချိန်တင်ဂိုးကို သွင်းယူပေးခဲ့သလို၊ အိုလီဆေး၊ နီကိုလက်စ်ဂျက်ဆင်နဲ့ ဂါရဲရိုးတို့ကလည်း နောက်ထပ်ဂိုးတွေ ထပ်မံသွင်းယူခဲ့ကြပါတယ်။
ဒီနိုင်ပွဲကြောင့် ဘိုင်ယန်ဟာ ဇယားထိပ်မှာ ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး အဓိကတိုက်စစ်မှူး ဟာရီကိန်းကိုတော့ လာမဲ့ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲအတွက် အနားပေးထားခဲ့ပါတယ်။
ဘိုင်ယန်ရဲ့ ပရီးမီးယားလိဂ်ထွက် ကစားသမားတွေဖြစ်တဲ့ အိုလီဆေးနဲ့ ဂျက်ဆင်တို့ဟာလည်း ဒီပွဲမှာ ဂိုးတွေကိုယ်စီ သွင်းယူနိုင်ခဲ့ကြပါတယ်။










