DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ် ပွင့်လင်းမြင်သာရေး ရှမ်းလူထုဖိုရမ် တောင်းဆို
DVB
·
June 15, 2015
ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ် ပွင့်လင်းမြင်သာရေး ရှမ်းလူထုဖိုရမ် တောင်းဆို
Donate to DVB

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ အသုံးစရိတ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် အဆင့်ဆင့်ဖော်ပြ ဆောင်ရွက်ပေးဖို့   ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ဖိုရမ်က တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၀ ကျော်က ကိုယ်စားလှယ်တွေဟာ ဇွန် ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ပထမဆုံးအကြိမ် ပြည်သူ့ဖိုရမ်တခု တောင်ကြီးမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာအစိုးရကို အကြံပြုချက်၊ တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အောက်ခြေမှာ ရွေးကောက်ပွဲ အသုံးစရိတ် မရှိတာ၊ ပြည်သူပိုင်မြေတွေရောင်းပြီး အသုံးစရိတ် လုပ်တာတွေ ရှိနေတယ်လို့ ရှမ်းပြည်တောင်ပိုင်း ပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေး အလုပ်အဖွဲ့ဝင် ဦးအောင်ဇေက ဒီဗွီဘီကို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးတဲ့အခါ ပြီးခဲ့တဲ့ ၂၀၁၀ ခု ရွေးကောက်ပွဲတုန်းက အဆင်မပြေမှုတွေ ပြန်သုံးသပ်တယ်။ ဒီတခေါက် ရွေးကောက်ပွဲမှာ အဲလိုမဖြစ်အောင်ပေါ့ အကြံပြုချက်တွေ တင်သွင်းကြပါတယ်။ ဥပမာ ရပ်စောက်မြို့နယ်ထဲမှာ ဆိုရင် ရွေးကောက်ပွဲ အသုံးစရိတ် ဆိုပြီးတော့မှ ရပ်ကွက်ကော်မရှင်က ရွာသားပိုင်မြေကို ပိုက်ဆံရှိတဲ့လူတွေလက်ထဲ ရောင်းစားလိုက်တာမျိုးရှိတယ်။ ပြီးတော့ ဒီနှစ်မှာ မြို့နယ်ကော်မရှင်တွေကလည်း ရွေးကောက်ပွဲ အသုံးစရိတ် မရှိဘူးလို့ လူတိုင်းပြောကြတယ်။ ကျွေးမွေးစရိတ်တွေ၊ ပိုစတာကပ်တာတွေ ဘယ်လိုလုပ်မလဲ။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူးပေါ့။ အဲဒါတွေ သိချင်တယ် ပြောလို့  ပွင့်ပွင့်လင်းလင်းချပြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ကြိုတင်မဲစာရင်းကောက်တဲ့ ကိစ္စမှာလည်း  ပြည်သူတွေက သေချာမသိသေးလို့ အသိပညာပေးရေး ပိုပြီးဆောင်ရွက်ဖို့နဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲပြဿ  နာ မဖြစ်အောင်နဲ့  ပွင့်လင်းမြင်သာသိရအောင် ဆောင်ရွက်ပေးဖို့လည်း အကြံပြုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်ရာမှာ အချို့သော ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကော်မတီတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတဲ့အတွက် သူတို့ကို တွန်းအားပေးဖို့နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကိုလည်း ကော်မရှင်အနေနဲ့ တိကျသေချာတဲ့ အချက်အလက်တွေ ပေးဖို့ အကြံပြုတောင်းဆိုထားတယ်လို့လည်း ဦးအောင်ဇေက ပြောပါတယ်။

ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးကတော့  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်သွားမှာဖြစ်သလို အောက်ခြေက အဆင်မပြေမှုတွေ အတွက်လည်း လာရောက်တိုင်ကြားနိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကော်မရှင်အနေနဲ့ ရန်ပုံငွေအတွက် ပြည်သူပိုင်မြေယာတွေ၊ ပစ္စည်းတွေ ရောင်းချပိုင်ခွင့် မရှိပါဘူး။ လုပ်နေတဲ့အဖွဲ့ခွဲတွေရှိရင်လည်း တိုင်ကြားနိုင်ပါတယ်။ လိုအပ်တဲ့ငွေကြေးကို အစိုးရက အဆင့်ဆင့် ချပေးပါတယ်။ ဘဏ္ဍာရေးအရ ခွင့်ပြုတဲ့ငွေအတိုင်း အသုံးပြုပါတယ်။ အခုက ရွေးကောက်ပွဲ ကျင်းပမယ့်နေ့တောင် မကြေညာရသေးတော့ ဘတ်ဂျက်လည်း ကျမလာသေးပါဘူး။ ကြိုတင်မဲ ကိစ္စမှာ ပွင့်လင်းမြင်သာဖို့က လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ပေးခြင်းခံရသူရော၊ အရပ်သား သက်သေ ၂ ဦးနဲ့ ကော်မရှင်ဘက်က သက်သေ ၂ ဦးတွေနဲ့ မဲပုံးအပ်ရပါမယ်။ ရွေးကောက်ပွဲကိစ္စ ပြည်သူတွေကြား ကောင်းကောင်း သဘောပေါက်ဖို့ ကွင်းဆင်းပညာပေးရေး အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။”

၃ ရက်တာ ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ဖိုရမ်မှာ ရွေးကောက်ပွဲကိစ္စတွေအပြင်  ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿ  နာ၊ တိုင်းရင်းသူအမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင်အရေး ကိစ္စတွေ ဆွေးနွေးပြီး  အကြံပြုတောင်းဆိုချက်ပေါင်း ၅၀ ကျော်ကို  ထုတ်ပြန်ကြေညာထားပါတယ်။

ဒီဖိုရမ်ကို ရန်ကုန်အခြေစိုက် ပြည်သူ့ဖိုရမ်အဖွဲ့က ဦးဆောင်ကျင်းပပြီး  ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူငယ်အဖွဲ့ အစရှိတဲ့ အဖွဲ့ပေါင်း ၇၀ ကျော်က ကိုယ်စားလှယ် ၃၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013