DVB Logo
Home
မြန်မာသတင်း
အုပ်ချုပ်ရေးမဏ္ဍိုင် ချုပ်ကိုင်ရေး လွှတ်တော်က ဦးစားပေးလုပ်နေဟုဆို
DVB
·
June 14, 2015
အုပ်ချုပ်ရေးမဏ္ဍိုင် ချုပ်ကိုင်ရေး လွှတ်တော်က ဦးစားပေးလုပ်နေဟုဆို
Donate to DVB

မြန်မာလွှတ်တော်ဟာ  အုပ်ချုပ်ရေး မဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေး လုပ်နေတယ်လို့ အစိုးရသတင်းစာပါ ဆောင်းပါးက ဝေဖန်ရေးသား လိုက်ပါတယ်။

ဇွန် ၁၄ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ ၂ စောင်စလုံးမှာ ဆောင်းပါးရှင် ရန်ကင်းဆိုသူ ရေးသားတဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ လွှတ်တော်ကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားဖော်ပြခဲ့တာပါ။

ဆောင်းပါးရှင်က “လွှတ်တော်ကြီး အားကောင်းလာတယ် အားကောင်းလာတယ်လို့ တစ်တီတူးငှက်၊ ဇီးကွက်ငှက်နဲ့ တောက်တဲ့ တို့လို ကိုယ့်ကိုယ်ကိုယ်ဖော် အော်နေမယ့်အစား ပြည်သူတွေရဲ့ ဝေဖန် သုံးသပ်ချက်များလည်း နားထောင်ကြပါဦးလား ခင်ဗျာ။ ပြည်သူအများစုက ပြောနေကြတယ်။ လွှတ်တော် အားကောင်းလာတာ နှစ်ချက်ပဲရှိတယ်။ တစ်အချက်က အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိခြင်း (ချုပ်ကိုင်လိုခြင်း) တွေကိုပဲ အများဆုံး လုပ်နေပါသတဲ့။ နှစ် အချက်က လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်ရဲ့ အခွင့်အရေးတွေကို ဦးစားပေး လုပ်နေပါသတဲ့။ ဂျာနယ်တွေ၊ ဖေ့စ်ဘွတ်ခ်တွေဖတ်ရင် ဒါတွေပဲ တွေ့နေရပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ် တကယ်ပဲ ဖြစ်ချင်တာလား ခင်ဗျာ။ ဒါဆိုရင်တော့ ကိုယ့်ကို မဲပေး တင်မြှောက်ထားတဲ့ ပြည်သူကိုလည်း လေးစားသင့်တာပေါ့” လို့ ဆောင်းပါးတနေရာမှာ ရေးသားထားပါတယ်။

တခါ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ရုပ်သိမ်းပိုင်ခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မတင်ဘဲ ထားတာ ဘယ်သူလဲလို့ ဆောင်းပါးရှင်က မေးခွန်း ထုတ်ထားပါသေးတယ်။

“တိုင်းကျိုးပြည်ပြု ဆောင်ရွက်ကြရာမှာ ကိုယ်လိုချင်တာကိုပဲ ရအောင်ယူပြီး ကိုယ်မလိုချင်တာ ကိုယ့်ကို ထိမယ့်ရှမယ့်ဟာဆိုရင် ပြည်သူတို့၏ ရပိုင်ခွင့်ပင် ဖြစ်လင့်ကစား ပစ်ပယ်ထားတာဟာလည်း သမိုင်းမလှဘူးလို့ ထင်မိပါတယ်။ နောက်ပြီး ဥပဒေကြမ်း ရေးဆွဲပေးဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပေါ် ရည်ရွယ်ချက်ရှိရှိ ဝေဖန် တိုက်ခိုက်နေကြတာတွေလည်း မကြာခဏ တွေ့နေရပါတယ်။ ကျေးဇူးရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား မဲဆန္ဒရှင်များရဲ့ ရပိုင်ခွင့် အခွင့်အရေး ပေးကိုပေးရမယ် ဆိုတဲ့ သူ့ရဲ့စေတနာနဲ့ ရေးဆွဲ တင်သွင်းတဲ့ ဥပဒေကြမ်းကို ဘယ်သူက ရပ်ထားတာလဲ။ ဘယ်သူတွေက ပိတ်ပင်ထားတာလဲ။”

အစိုးရသတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ရန်ကင်းဆိုသူဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ဖွဲ့စည်းပုံပါ ပုဒ်မ ၆၄ ကြောင့် သမ္မတ၊ ဒုသမ္မတတွေနဲ့ အစိုးရတဖွဲ့လုံးဟာ ပါတီတာဝန်ထမ်းဆောင်ခွင့်မရှိလို့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် မရှိ ဖြစ်နေတာကို ထောက်ပြဝေဖန် ရေးသားခဲ့ပါသေးတယ်။

သူ အဲ့ဒီလို ထောက်ပြဝေဖန်ရေးသားခဲ့တဲ့ ပုဒ်မ ၆၄ ကို အခု ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ ပယ်ဖျက်ထားတာ တွေ့ရပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ ဝေဖန်ပိုင်ခွင့် ရှိတယ်လို့ သုံးသပ်ပြောပါတယ်။

“ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်မှာ အပြန်အလှန် ထိန်းကျောင်းမှု ရှိတယ်ဆိုတဲ့ check and balance အရ လုပ်တယ်ဆိုရင်တော့ လုပ်နိုင်ပါတယ်။ လွှတ်တော်ကို ဝေဖန်လည်း ဝေဖန်ပေါ့၊ ဒါက သူတို့အမြင်ပေါ့။ သူ့အခွင့်အရေး ကိုယ့်အခွင့်အရေး ရှိတာပဲလေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013