DVB Logo
Home
Lead Story
ပထမပိုင်း သရေကစားနိုင်ရင် မြန်မာရွှေရနိုင်တယ် - ဦးသန်းတိုးအောင်
DVB
·
June 14, 2015
ပထမပိုင်း သရေကစားနိုင်ရင် မြန်မာရွှေရနိုင်တယ် - ဦးသန်းတိုးအောင်
Donate to DVB

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ ၂၃ အသင်းဟာ ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီမှာ ထိုင်းအသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာယူ ၂၃ ရဲ့ ပြင်ဆင်ထားမှုအခြေအတွေနဲ့ပတ်သက်ပြီး မြန်မာအသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဗီယက်နမ်နဲ့ကန်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ မြန်မာ ၂၃ အသင်းရဲ့ အားနည်းချက် ဘာတွေ တွေ့လိုက်ရလဲဗျ။

“သူတို့လက်ထဲ ဘောလုံးရတဲ့အခါကျရင် တောင်ပံတွေကိုခွဲပြီး ချဲ့ပြီး ကစားတာပေါ့။ အဝေးဘောက ကျနော်တို့က ပိုအားသာတာပေါ့။ ကျနော်တို့ဆီမှာ အဝေးဘောကို တိတိကျကျနဲ့ ဘယ်ညာ ကန်နိုင်တာဆိုလို့ ရဲကိုဦး တယောက်ပဲ ရှိတာကို။ နောက်တခုက ကလေးတွေက အကုန်လုံး စုပြုံပြီး ဆင်းခံတာကလည်း အမှားပေါ့။ အဲ့လိုမျိုး တောက်လျှောက်ကြီး အသင်းတသင်းက ၁၅ မိနစ်လောက် ဖိနေပြီဆိုလို့ရှိရင် ထောင့်ကန်ဘောတွေလည်း ခဏခဏ ရနေပြီဆိုရင် ဒါမျိုးက ပေးရတတ်တယ်ဗျ။ တချိန်မဟုတ် တချိန်။ ကျနော်တို့လည်း ဘေးက အော်ပေမယ့် ကလေးတွေက ဂိုးမပေးရဇောနဲ့ နောက်ကို အတင်း ကပ်ကပ်သွားတော့ နောက်ဆုံးခံတဲ့ လိုင်းက နည်းနည်းလေး အောက်ကျနေတယ်။ အဲ့ဒီမှာ တလုံးကျွံ့ထွက်ပြီး ပေးလိုက်ရတယ်။ အားသာမှုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်ဓာတ်နဲ့ ကြိုးစားမှုနဲ့ ကံကြမ္မာ ဖေးမမှုလည်း ပါတာပေါ့ဗျာ။ ဘာကြောင့်လဲဆို ကျနော်တို့ ၄-၅ လုံးလောက်ပဲ ကန်ခွင့်ရတာ၊ အသင်းခေါင်းဆောင် နေလင်းထွန်းဆို သူ့ခြေထောက်နဲ့ ထိရင်ပဲ ၁ ဂိုးလို ဖြစ်နေတာ။ ပြစ်ဒဏ်ဘောလည်း ဒီလိုပဲလေ၊ သူကန်လိုက်တဲ့အချိန်မှာ ပယ်နယ်တီရလိုက်တယ်။ နောက်တလုံးလည်း သူကန်လိုက်တဲ့အချိန်မှာ လမ်းကြောင်းပြောင်းပြီး ဂိုးသမားလည်း ဘာမှ မတတ်နိုင်ဘဲ ဂိုးဝင်သွားခဲ့တာပေါ့။ ကျနော်တို့ မနေ့က ကံကောင်းတယ်ပဲ ပြောရမှာပဲဗျာ။”

ကျနော်တို့ ပရိသတ်အနေနဲ့ ပြောရရင် ပထမပိုင်းမှာ ၁ ဂိုး ရထားတော့ ဒုတိယပိုင်းမှာ နည်းပြတွေက ခံစစ်ကစားခိုင်းလို့များ ဒီလို ဖြစ်ရတာလာပေါ့လေ။

“မဟုတ်ဘူးခင်ဗျ။ ကျနော်တို့ ခံကစားခိုင်းတာ မဟုတ်ဘူး၊ ပြန်တိုက်ခိုင်းတာ။ သို့သော် ကလေးတွေက ပြန်တိုက်ဖို့ နေနေသာ တဘက်က ရှုံးနေတဲ့အခါကျတော့ ဘောလုံးရဲ့ သဘာဝ အားထည့်ပြီး ဖိလာတယ်။ အဲ့ဒီမှာ ကလေးတွေက ရှေက ကောင်းဆက်နိုင်တို့၊ ရှိုင်းသူအောင်တို့ အကုန်လုံးက လိုက်ဖျက်ရင်း လိုက်ဖျက်ရင်းနဲ့ နောက်ထဲကို ရောက်သွားတဲ့သဘောပဲ။”

မြန်မာအသင်းကစားသမားတွေက အသင်းကြီးနဲ့ တွေ့လို့ ရှိန်နေပုံလည်းရတယ်။

“အင်းပေါ့၊ နည်းနည်း ရှိန်တာလည်း ပါတယ်။ မနေ့ကဆိုရင် အထူးသဖြင့် အားထားရတဲ့ စည်သူအောင်ပေါ့၊ နံပါတ် ၅ ဆို ကျနော်တို့ တော်တော်အားကိုးရတယ်။ သို့သော် စည်သူအောင် နံပါတ် ၅ က ပယ်နယ်တီ ၁ ဂိုးကလွဲရင် အစ်ကိုတို့ မြင်တဲ့အတိုင်းပဲ သူ ပုံမှန်ခြေ မရဘူး၊ ရွံ့သလိုလို ဘာလိုလိုဖြစ်နေတော့ ဒုတိယပိုင်းကျ ကျနော်တို့ ထုတ်ပစ်လိုက်ရတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ သူတို့မှာ ရှိသမျှ အကုန်လုံး ကစားကြတယ်။ ကြောက်လည်း မကြောက်ကြပါဘူး။ နောက်တခု မနေ့က နိုင်ရတဲ့အကြောင်းရင်းက ဂိုးသမားပေါ့၊ ကျော်ဇင်ဖြိုး၊ သူက ပထိ တပွဲ နှစ်ပွဲ သုံးပွဲ လေးပွဲ မကောင်းတော့ နောက်ဆုံးတပွဲမှာတော့  ကျနော်တို့ ကျော်ဇင်ဖြိုးအစား အောင်ဝေဖြိုးလေးကို ထည့်ကစားလိုက်တယ်။ အောင်ဝေဖြိုးကိုပဲ ဦးစားပေး ဖမ်းခိုင်မယ့် ပုံစံလုပ်လိုက်တော့ သူ မခံချင်စိတ် ဖြစ်လာတယ်။ နောက် ကျနော်တို့လည်း ပြောပြတယ်၊ အသင်းတသင်းမှာ အသင်းက တော်တန်ရုံဖြစ်ပစေ၊ ဂိုးသမားကောင်းလို့ရှိရင် အဲ့ဒီအသင်းက ချန်ပီယံ ဖြစ်သွားနိုင်တယ်ဆိုတာ၊ မနေ့က ပွဲပြီးတဲ့အချိန်မှာတော့ သူ တော်တော် သဘောပေါက်သွားတယ်။”

အဲ့ဒီတော့ အခု ထိုင်း ကျနော်တို့ထက် အစစ အရာရာ သာတယ်။

“မှန်တယ်။”

မြန်မာအသင်း ဘယ်လို ပြင်ထားလဲ။

“ထိုင်းက သာတယ်၊ သူတို့ရဲ့ အနီးဘော အဝေးပေး ဘောလုံးပေးပို့ ပုံတွေက ဒီမှာရှိတဲ့ အသင်းတိုင်းထက် သာတယ်။ သူ့ အားသာချက်တခုက နောက်ခံလူတွေ အလယ်တန်းနဲ့ ရှေ့တန်းနဲ့က ကပ်နေတယ်ဗျ။ နောက်ခံအစွန်လူတွေနဲ့ အလယ်ခံစစ်ကစာသမားတွေက ချဲပြီး နေတယ်။ သူတို့ အသင်းလိုက် ကစားပုံက အောက်ကနေပတ်ရင်းနဲ့ အလယ်ကို ပေးတယ်၊ ရှေ့ကို ပေးတယ်၊ မရဘူးဆိုရင် ဘတ်ဆို နောက်ပြန်ပေးတယ်။ အဲ့ဒီလို နောက်ပြန်ပေးတဲ့အချိန်မှာ တသင်းသင်းက ထွက်သာလိုက်လိုက်လို့ရှိရင် တယောက် နှစ်ယောက် ထွက်လာလို့ရှိရင် ဟာသွားတဲ့နေရာကို ပြန်ကစားပြီး ကစားတတ်တယ်။ အဲ့ဒီတော့ သူတို့က နောက်ကို ဆွဲခေါ်ရင် မလိုက်ဘူး၊ လိုင်းကနေပဲ ကန်မယ်၊ လိုင်းဆိုတာက  အလယ်ခေါင်းလိုင်းကို ဆိုလိုတာ၊ အဲ့ဒီမှာ တခု သတိထားရမှာက အဝေးဘောတွေ လာနိုင်တယ်၊ ထိုင်းက သူ့ကို ပေးကစားလိုက်ရင် ဘောလုံးပိုင်ဆိုင်မှု အသာရရင်ရင် ပိုပိုပြီး ကောင်းလာတတ်တယ်။ သူ့ကို ပေးကစားလို့ မရဘူးဆိုရင် ထိုင်းက တခါတလေကျ ဘေးကန် တောင်ကန်မြောက်ကန်နဲ့ ထိုင်းကစားသမားတွေ မတည်မငြိမ်ဖြစ်တတ်တယ်။ အဲ့ဒီတော့ ကျနော်တို့က ပထမပိုင်းမှာ ဂိုးရရင်လည်း ရသလောက်ပေါ့လေ၊ ဂိုးမရလည်း ၀-၀ပေါ့၊ သရေကန်ထားနိုင်ရင် ထိုင်းအသင်းက ခုနက ကျနော်ပြောသလို ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူတို့က ကျနော်တို့ထက်သာတဲ့ အသင်းဖြစ်တော့ သေချာပြင်ဆင်ပြီး ကန်ရမယ်၊ တချက်မှ ပေါ့လျော့လို့မရဘူး၊ တယောက်မှ မှားလို့ မရဘူး။ ကျနော်တို့က အသင်းလိုက်ပဲ တိုက်ရမယ်၊ တယောက်ကောင်းနဲ့ သွားလို့ မရဘူး။ ကောင်တာကစားသလို နှစ်ယောက်မျိုး သုံးယောက်မျိုးနဲ့လည်း သွားလို့ မရဘူး၊ အဲ့လို သွားလို့ရှိရင် သူက ပြန်မိသွားတဲ့အခါ ကျနော်တို့အတွက် အန္တရာယ် ပြန်ဖြစ်ဦးမယ်။”

ပွဲထွက် ကစားသမားကရော ဗီယက်နမ်နဲ့ပွဲထွက်အတိုင်း ကစားမလား။

“ဗီယက်နမ်နဲ့အတိုင်းတော့ မဟုတ်ဘူး၊ သိန်းနိုင်ဦးနေရာမှာ ရဲဝင်းအောင်ကို ပြန်ထည့်မယ်၊ ကျန်တာတော့ ဟိုနေ့ကအတိုင်း ပွဲပြန်ထုတ်မယ်။”

ပရိသတ်ကတော့ ထိုင်းနဲ့ ခြေကွာတာလည်း သိထားတယ်ပေါ့ဗျာ၊ အသင်းမန်နေဂျာတယောက်အနေနဲ့ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ပြောနိုင်မလဲ။

“ထိုင်းက ခြေသာတာ မှန်တယ်ပေါ့။ ခြေသာတယ်ဆိုပေမယ့် တအားကြီးတော့ မကွာဘူး၊ ခြေက သိပ်မကွာဘူး။ ဒါပေမယ့် သူတို့က ဘောလုံးကစားတာ တအားလည်တယ်။ ကျနော်တို့ ၁၁ ယောက်စလုံးက တချိန်လုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားပြီးတော့၊ နိုင်မလားဆိုတော့ ဖိုင်နယ်ပွဲဖြစ်လို့ ကျနော် မကြောက်တော့ဘူး။ ပထမပိုင်းသာ ၀-၀ ကစားနိုင်ရင် မြန်မာ ရွှေတံဆိပ် ရနိုင်တယ်လို့ ကျနော် ပြောချင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013