DVB Logo
Home
Lead Story
အမေရိကန်လွှတ်တော်ရုံး၌ မြန်မာ့အရေးဆွေးနွေး၊ စစ်အာဏာရှင်ကို သမ္မတအဖြစ် အသိအမှတ်မပြု  
သုတချမ်းသာ
·
April 16, 2026
ဧပြီ ၁၅ ရက် အမေရိကန်လွှတ်တော် မြန်မာ့အရေးရှင်းလင်းပွဲ။ (Photo : သုတချမ်းသာ)
ဧပြီ ၁၅ ရက် အမေရိကန်လွှတ်တော် မြန်မာ့အရေးရှင်းလင်းပွဲ။ (Photo : သုတချမ်းသာ)
Donate to DVB

စစ်အာဏာရှင်အနေနဲ့ သမ္မတရာထူးဖန်တီးရယူထားတာကို အသိအမှတ်မပြုဖို့နဲ့ ရွေးကောက်ပွဲအပြီး အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ရှင်းလင်းပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီရှိ ဒပ်ခ်ဆန် ဆီးနိတ်အထက်လွှတ်တော်ရုံးမှာ ဒေသ စံတော်ချိန် ဧပြီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အွန်လိုင်းကနေတဆင့် ပါဝင်ခဲ့ကြပါတယ်။

NUG ယာယီသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဦးကျော်ဇော်က  "အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအနေနဲ့ကလည်း SCEF နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အခုကြုံတွေ့နေတဲ့ အကြမ်းဖက်မှုတွေရပ်စဲဖို့အတွက် လမ်းကြောင်းရှာလို့ရမယ်။ နောက်တခုက တချို့တွေပြောကြတယ်၊ ကျနော်တို့က အဖွဲ့တွေအမျိုးမျိုးပဲ ဟိုလူနဲ့လည်း ပြောရတယ်၊ ဒီလူနဲ့လည်းပြောရတယ်၊ ဟိုအဖွဲ့နဲ့လည်းပြောရတယ်၊ ဒီအဖွဲ့နဲ့လည်း ပြောရတယ်ဆိုတာ အခုအချိန်မှာ ဒါက အကောင်းဆုံးပေါ့နော် စုစည်းမှုတခုဖြစ်လာပြီ၊ အဖွဲ့ပေါင်းစုံနဲ့ ပြောနေမယ့်အစား SCEF နဲ့ စကားပြောပြီးတော့ တွေ့ဆုံပြီးတော့ ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ လိုချင်တောင်းတနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုရောက်အောင် အမေရိကန်ပြည်ထောင်စုက ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ ကျနော်တို့တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်အထက်လွှတ်တော်တာဝန်ရှိသူတချို့လည်း ရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး မြေပြင်အခြေအနေ အကဲဖြတ်ချက်တွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ကို ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

ရှင်းလင်းပွဲမှာ ပါဝင်သူတွေဟာ စစ်ခေါင်းဆောင် သမ္မတရာထူးဖန်တီးရယူခဲ့တာကို အမေရိကန်အစိုးရက အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ သတင်းအချက်အလက်တွေ ကိုးကားပြီး တိုက်တွန်းခဲ့ကြပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံရေးသမားတယောက်က စစ်ခေါင်းဆောင်ရဲ့ သမ္မတရာထူးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

New Myanmar ကမ်ပိန်းရဲ့ အမှုဆောင်ဒါရိုက်တာ ဆိုင်းမွန် ဘစ်လင်းနက်စ် “မင်းအောင်လှိုင်က အာဏာရှင်ဆိုတာ အသေအချာပါပဲ။ သူ့ကို အားပေးထောက်ခံသူမရှိပါဘူး။ ၂၀၂၁ မှာ အာဏာသိမ်းခဲ့တာကလည်း သူ သမ္မတဖြစ်ချင်လို့ပါပဲ။ အခုနောက်ဆုံးမှာ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်၊ အဲဒီကနေ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်လိုက်တာပါ။ ဒါပေမဲ့ ကျနော်တို့က ဒါကိုလေးစားစရာမရှိပါဘူး၊ အသိအမှတ်လည်းမပြုပါဘူး၊ အဲ့ဒီလိုလည်း ကျနော်တို့ဘက်က ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်လှိုင်က စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ်ကို ပြောင်းဝတ်လိုက်တာပဲဖြစ်လို့ပါ။ ပြီးတော့ သူကိုယ်သူ သမ္မတလို့ သမုတ်လိုက်တယ်၊ အဲဒါက တကယ့် သမ္မတဖြစ်လာအောင် မစွမ်းနိုင်ပါဘူး။ ကျနော်တို့ကတော့ အရင်က သူ့ဖြစ်တည်မှုအတိုင်းပဲ သူ့ကို အာဏာသိမ်းစစ်ခေါင်းဆောင်လို့ပဲ ဆက်ခေါ်သွားမှာဖြစ်ပါတယ်။ ပြီးတော့ US အစိုးရနဲ့ လွှတ်တော်ကနေ သက်ရောက်မှုအားကောင်းတဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေဆ က်လုပ်သွားဖို့၊ စစ်အစိုးရရဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေနဲ့ ဆက်စပ်နေတဲ့ ဂျက်လေယာဉ်ဆီတင်သွင်းမှုတွေကို ဆက်ငြင်းဆန်ဖို့ တွန်းအားဆက်ပေးသွားမှာ ဖြစ်ပါတယ်။"

ဒီရှင်းလင်းပွဲကို Burma Research Institute က ဦးဆောင်စီစဉ်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID နဲ့ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အထက်လွှတ်တော်နိုင်ငံတကာဆက်ဆံရေးဆပ်ကော်မတီအဖွဲ့ဝင် ခရစ်ဗန်ဟော်လန်တို့က ပံ့ပိုးခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက "အထက်လွှတ်တော် အောက်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်များလည်း ဘာမှအပြောင်းအလဲမရှိဘူး၊ အရင်တုန်းကအတိုင်းပဲ၊ သူ့ကိုယ်သူသမ္မတဖြစ်အောင်ကြို းစားပြီးတော့ နိုင်ငံတကာကိုလှည့်ဖြားဖို့ ကြိုးစားတာပဲဆိုတဲ့ သတင်းစကားကို အဓိကပေးဖို့ ကျနော်တို့ ဒီနေ့ ဆောင်ရွက်ဖို့ရှိပါတယ်၊ အမေရိကန်ပြည်ထောင်စုမှမကပါဘူး၊ တခြား တခြားသောနိုင်ငံတွေ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရော ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပေါ့နော်၊ အတုအယောင်အစိုးရ အတုအယောင်လွှတ်တော် ဒါတွေကိုလုံးဝ အသိအမှတ်မပြုထားတာ မရှိသေးဘူး၊ ဒါကိုလည်း ဆက်လက်ပြီးတော့ ကျနော်တို့က နိုင်ငံတကာမှာ ထိတွေ့ပြီးတော့ ဒီသတင်းစကားကိုပေးဖို့ရှိပါတယ်" လို့ ပြောပါတယ်။

NUG နဲ့ မြန်မာ့အရေးဆောင်ရွက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို သတင်းအချက်အလက်တွေ ပေးပို့နေတာပါ။

Gender Equality Network အမှုဆောင်ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက "စစ်ယူနီဖောင်းချွတ် အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရကို အသိအမှတ်မပြုဖို့၊ အတုအယောင် ရွေးကောက်ပွဲကာလအပြီးမှာဖြစ်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေ ထိခိုက်ခံစားရမှုတွေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ဦးဆောင်ပါဝင်နေမှုအခန်းကဏ္ဍတွေကို အသိအမှတ်ပြုဖို့ပေါ့နော်၊ အဲ့ဒီသတင်းစကားကို အဓိကပြောသွားမှာဖြစ်ပါတယ်။ သူတို့နဲ့ အဆက်အဆံမလုပ်ဖို့ပေါ့လေ၊ ဒါကတော့ ကျမတို့ရဲ့အဓိကသတင်းစကားပေါ့။ ပြီးတဲ့အခါကျရင်တော့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီးတော့မှ ပိတ်ဆို့အရေးယူထားဖို့အတွက်ကို ကျမတို့ တိုက်တွန်းတောင်းဆိုတယ်” လို့ ပြောပါတယ်။

အထက်လွှတ်တော်ရုံးရှင်းလင်းပွဲမှာ NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ မိတ်ဆက်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ် ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။

ဒီစုဖွဲ့မှုဟာ စစ်ခေါင်းဆောင် သမ္မတရာထူး ဖန်တီးရယူတာနဲ့တပြိုင်တည်းမှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာမျက်နှာစာမှာ အသာစီးယူ အခြေအနေထိန်းဖို့ ခြေလှမ်းခဲ့တာဖြစ်ပါတယ်။

SCEF ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပူးပေါင်းထားတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013