
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးက တောင်တန်းတွေကို စစ်အာဏာရှင်တပ်ရဲ့ ရေတပ်သင်္ဘောက အခုရက်ပိုင်းအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
ကျိန္တလီမြို့အနီးက တောင်တန်းတွေကို ဇွန် ၈ ရက်နဲ့ ၉ ရက်မှာ သဲကုန်းရွာကမ်းခြေနားမှာရှိတဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့သလို ကမ်းခြေအနီးကိုလည်း ကင်းလှည့်လာတာမျိုးတွေ လုပ်လာတယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း ကျိန္တလီမြို့အနီးပတ်ဝန်းကျင်တွေကို နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာတွေ ဆက်တိုက်ပြုလုပ်လာတယ်။ နောက် နေဗီတွေနဲ့ ကမ်းနီးတွေအထိ ခြိမ်းခြောက် ကင်းလှည့်လာတာမျိုးတွေလည်း ပြုလုပ်လာတယ်။ အရင်တုန်းကဆို ကမ်းနီးကို သိပ်မကပ်ရဲဘဲ ပင်လယ်ပြင်မှာပဲ ရပ်ထားတာ။ စစ်ရေးအရ ခြိမ်းခြောက်လာတဲ့ သဘောပဲ” လို့ပြောပါတယ်။
ကျိန္တလီမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မေ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း ကျိန္တလီမြို့ကို စစ်အာဏာရှင်လေတပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဂွမြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ တပ်ရင်းနေရာကိုလည်း သင်္ဘောကနေ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဘက်ကနေ ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။










