မြောက်ကိုရီးယားက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဘာမှမရှိဘူးလို့ ပြောခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က မတ် ၂၃ ရက်မှာ ကြေညာပါတယ်။
ဂျပန်ဟာ ခေါင်းဆောင် ၂ ယောက်အကြား ထိပ်သီးအစည်းအဝေးတခု ကျင်းပဖို့ ခေတ်နောက်ကျတဲ့ အလေ့အကျင့်နဲ့ အလေ့အထကို အရင်ဆုံး ဖယ်ရှားရမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမက ပြောပါတယ်။
မတ် ၁၉ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ချိန်မှာ တာကာအိချိက မြောက်ကိုရီးယားဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆာနာအဲ တာကာအိချိဟာ ကင်မ်ဂျုံအန်းနဲ့ လူကိုယ်တိုင် တွေ့ချင်တယ်လို့ ထရမ့်ပ်ကို ပြောခဲ့တယ်ဆိုတဲ့ သတင်းတွေကို တောင်ကိုရီးယားနဲ့ ဟောင်ကောင်မီဒီယာတချို့က ဖော်ပြကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကတော့ သူ့နိုင်ငံဟာ နျူကလီးယားတပ်ဖွဲ့တွေကို အားကောင်းစေပြီး တောင်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် ဆက်ဆံမယ်လို့ ပြောခဲ့တဲ့အကြောင်း KCNA သတင်းက ကြေညာပါတယ်။
မြောက်ကိုရီးယား အစိုးရရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် အဆင့်အတန်းဟာ မပြောင်းလဲနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး နျူကလီးယားကို တိုးချဲ့တာဟာ အမျိုးသားလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်တယ်လို့လည်း ကင်မ်ဂျုံအန်းက ပြောပါတယ်။
နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို စီးပွားရေးအကျိုးကျေးဇူးတွေ ဒါမှမဟုတ် လုံခြုံရေးအာမခံချက်တွေနဲ့ လဲလှယ်နိုင်တယ်ဆိုတဲ့ အယူအဆကို ကင်မ်က ငြင်းဆိုခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို လိုက်စားနေချိန်မှာ နျူကလီးယားတပ်ဖွဲ့တွေကို ထိန်းသိမ်းထားတာကမှ မှန်ကန်တဲ့ မဟာဗျူဟာမြောက်ရွေးချယ်မှု ဖြစ်တယ်ဆိုတာ မြောက်ကိုရီးယားက သက်သေပြခဲ့ပြီးပြီလို့လည်း သူက ပြောပါတယ်။
နျူကလီးယားလက်နက်တွေက စစ်ပွဲကို တားဆီးခဲ့ပြီး နိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်မှု၊ ဆောက်လုပ်ရေးနဲ့ လူနေမှုအဆင့်အတန်းတွေမှာ အရင်းအမြစ်တွေကို အာရုံစိုက်နိုင်စေခဲ့တယ်လို့ ကင်မ်က ပြောပါတယ်။
ကွန်မြူနစ်အုပ်ချုပ်တဲ့နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ အမြင့်ဆုံး ပြည်သူ့လွှတ်တော်မှာ တနင်္လာနေ့ကပြောတဲ့ မိန့်ခွန်းအတွင်း ကင်မ်က ပြောခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ကိုရီးယားကျွန်းဆွယ်နားမှာ မဟာဗျူဟာမြောက် နျူကလီးယားပိုင်ဆိုင်မှုတွေ ဖြန့်ကြက်ခြင်းအားဖြင့် ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတယ်လို့ ကင်မ်က စွပ်စွဲခဲ့ပါတယ်။
မြောက်ကိုရီးယားက မိမိကိုယ်ကိုယ် ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတခုအဖြစ် မရှုမြင်တော့ဘဲ လိုအပ်ရင် တခြားလူတွေကို ခြိမ်းခြောက်နိုင်တဲ့စွမ်းအား ရှိလာပြီလို့လည်း ကင်မ်က ပြောပါတယ်။
တောင်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားတယ်လို့ ကင်မ်က ပြောခဲ့ပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုတိုင်းကို တွန့်ဆုတ်ခြင်းမရှိ၊ ထိန်းထိန်းသိမ်းသိမ်းမလုပ်ဘဲ ရက်ရက်စက်စက် ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားအစိုးရကို သတိပေးခဲ့ပါတယ်။
ကင်မ်ဟာ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ၁၀ စုနှစ်ချီ မူဝါဒကို စွန့်လွှတ်ပြီး ရန်လိုတဲ့ နိုင်ငံ ၂ ခုအကြား ဆက်ဆံရေးအဖြစ် တောင်ကိုရီးယားကို ပြန်သတ်မှတ်ခဲ့တာပါ။
Source: Reuters











