
ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ဇ်ရှရစ်ဖ်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ မြို့တော် ပေကျင်းမှာ မေ ၂၅ ရက်က တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနဲ့နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ပညာရေးနယ်ပယ်တွေမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် အမြောက်အမြားကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ရာသီဥတုမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်” ဟာ ပါကစ္စတန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အုတ်မြစ်အဖြစ် ဆက်ရှိနေတယ်လို့ ရှရစ်ဖ်က ပြောတဲ့အကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဟာ ပါကစ္စတန် ဖွံ့ဖြိုးတိုးတက်မှုမှာ အပြောင်းအလဲဖြစ်စေတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ အချက်ကို သဘောတူခဲ့ပြီး စက်မှုထွန်းကားရေး၊ သန့်ရှင်းတဲ့စွမ်းအင်နဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုတို့ကို အာရုံစိုက်တဲ့ နောက်တဆင့်ကို ခေါင်းဆောင်တွေက မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ အာကာသစခန်း အစီအစဉ်အတွက် ပါကစ္စတန် အာကာသယာဉ်မှူးတွေကို ရွေးချယ်ခြင်းဟာ အာကာသနဲ့ ဉာဏ်ရည်တု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာတာကို အလေးပေးဖော်ပြခဲ့ပြီး တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို သေချာစေဖို့ ပါကစ္စတန်ရဲ့ ကတိကဝတ်ကို ပြန်အတည်ပြုခဲ့တယ်လို့ ရှရစ်ဖ်က ပြောပါတယ်။
လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ စိုက်ပျိုးရေး ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမှုဆောင်အစီအစဉ်နဲ့ ပတ်ဝန်းကျင်၊ မီဒီယာဖလှယ်မှု၊ ကျဲ့ကျန်းနဲ့ ပန်ဂျပ်ပြည်နယ်တို့အကြား ညီအစ်မပြည်နယ်ဆက်ဆံရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွေ ပါတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
Source: Reuters










