DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများအတွက် ရေဒီယိုအစီအစဉ် ပြန်လွှင့်ခွင့်ရရန် တောင်းဆို
DVB
·
June 13, 2015
ရွှေ့ပြောင်းအလုပ်သမားများအတွက် ရေဒီယိုအစီအစဉ် ပြန်လွှင့်ခွင့်ရရန် တောင်းဆို
1 / 5
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အက်ဖ်အမ်ရေဒီယိုလိုင်းကနေ သတင်းနဲ့ ပညာပေးအစီအစဉ်တွေ ထုတ်လွှင့်ပေးနေတဲ့ မက်ပ်ရေဒီယိုအစီအစဉ် ပြန်လွှင့်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မက်ပ်ရေဒီယိုအစီအစဉ်ဟာ ထိုင်းစစ်ကောင်စီ အစိုးရတက် လာပြီးတဲ့နောက် ပိတ်ပင်ခံထားရတဲ့ လူထုအက်ဖ်အမ်ရေဒီယိုအစီအစဉ်တော်တော်များများနဲ့အတူ ပိတ်ပင်ခံထားရတာကြောင့် အလုပ်သမားတွေအတွက် သတင်းရယူရေး အခက်အခဲဖြစ်နေပါတယ်။

ဒီအကြောင်းတွေကို ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မက်ပ်ရေဒီယိုရဲ့ ၁၁ နှစ်မြောက် အခမ်းအနားမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားတွေပါ လာရောက်တွေ့ဆုံပြီး အစိုးရဆီ တောင်းဆိုစာတစောင် ပေးပို့ခဲ့တယ်လို့ မက်ပ်ရေဒီယိုက ထုတ်လွှင့်ရေးမှူး စိုင်းတုမ်မောက်ဟန်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရေဒီယိုအစီအစဉ် အပိတ်ခံထားရတာ ၁ နှစ်ရှိပါပြီ။ ပြန်ကြားရေးဌာနက တောင်းထားတဲ့ လိုအပ်ချက်တွေလည်း ပို့ထားပြီးပြီ။ ဒါပေမယ့် ခွင့်ပြုချက်မရသေးဘူး။ ဒီကနေ့လည်း နောက်ထပ်စာတစောင် ပေးပို့လိုက်ပါတယ်။ အလုပ်သမားတွေက နေ့စဉ်သတင်းအချက်အလက်ရရှိဖို့ အရေးကြီးတယ်။ အခုဆို ပန်းရောင်ကတ်လက်မှတ်သက်တမ်းတိုးတာ နောက်ဆုံးလ၊ ပြီးတော့ ရွေးကောက်ပွဲကျရင် အိမ်ပြန်ဖို့ ဘာတွေလိုသလဲ ဆိုတဲ့အချက်တွေ မသိသေးတဲ့လူတော်တော်များများရှိနေတယ်။”

ကနေ့အိုင်တီခေတ်မှာ လက်ကိုင်ဖုန်းနဲ့ ဖေ့စ်ဘုတ်အင်တာနက်တွေကနေ သတင်းအချက် အလက်တွေ အလွယ်တကူ ရယူနိုင်ပေမယ့် အဲဒီစနစ်ကို အလှမ်းမမီနိုင်သေးတဲ့ အလုပ်သမားတွေ တော်တော်များများ ရှိနေပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာတွေနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်လည်း အင်မတန်နည်းနေ တာကြောင့် ရေဒီယိုအစီအစဉ်ကို အမြန်ဆုံးပြန်ဖွင့်စေလိုတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ မက်ပ်ရေဒီယို ၁၁ နှစ်ပြည့်အခမ်းအနားမှာ ရှမ်းအမျိုးသမီးအဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့၊ ဘာသာရေးဝတ်ပြုအဖွဲ့၊ အမျိုးသမီးစွမ်းရည်မြှင့် တင်ရေးအဖွဲ့၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က ရေဒီယိုဒီဂျေ အစီအစဉ်ထုတ်လွှင့်သူတွေပါ တက်ရောက်လာပြီး လူထုအက်ဖ်အမ် ရေဒီယိုရဲ့ အကျိုးကျေးဇူးနဲ့ ရေဒီယို ရပ်နားထားရတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေပေါ် သက်ရောက်မှုအကြောင်းတွေ ဆွေးနွေးခဲ့ပါတယ်။

မက်ပ်ရေဒီယိုဟာ အလုပ်သမားကျန်းမာရေးနဲ့ပညာပေးအစီအစဉ် (မက်ဖောင်ဒေးရှင်း) ရဲ့ လုပ်ငန်းစဉ်တွေထဲက တခုဖြစ်ပြီး ချင်းမိုင်က အက်ဖ်အမ် 99 MHz မှာ မြန်မာဘာသာ၊ ရှမ်းဘာသာတွေနဲ့ ထုတ်လွှင့်ကာ မဲဆောက်မှာတော့ အက်ဖ်အမ် 102.5 MHz ကနေ မြန်မာဘာသာနဲ့ ထုတ်လွှင့်ပေးခဲ့ပါတယ်။

ရေဒီယိုအစီအစဉ် ပြန်လည်ထုတ်လွှင့်ခွင့်မရသေးပေမယ့် အွန်လိုင်းပေါ်ကနေတော့ http://www.mapradio.org/ ကနေ ဖမ်းယူနားဆင်နိုင်တယ်လို့ မက်ပ်ဖောင်ဒေးရှင်းက ပြောပါတယ်။

[gallery ids="97552,97553,97554,97555,97556"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013