DVB Logo
Home
ဆောင်းပါး
ကျောက်တော် လူသတ်ပွဲ
လင်းဆက်ငြိမ်းချမ်း
·
October 7, 2026
ကျောက်တော် လူသတ်ပွဲ
Donate to DVB

နေ့ခင်း ၁၂ နာရီတည့်တည့် ကောင်းကင်ယံကနေ ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြည့် အရပ်သား ပြည်သူတွေ သွားလာလှုပ်ရှားနေတာ ရှင်းရှင်းမြင်နေရပေမဲ့ ရေဘူးပေါက်တာ မလိုချင်ဘူးဆိုတဲ့ တိုက်လေယာဉ်မှူးတွေက အမိန့်တော်အတိုင်း အတိအကျ ဗုံးကြဲချကာ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီး ဆင်နွှဲလိုက်တယ်။

ငရဲခန်းပျို့ကို ရွတ်ကာ ဗုံးကြဲချပြီး အတန်ငယ်ကြာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှု မရှိတော့လောက်ဘူးလို့ ထင်တဲ့အချိန် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်တော့ မိနစ်တံတချက်အရွေ့မှာ ကိုယ့်ကိုယ်ကိုယ် ဘဝကူးလို့ ကူးသွားမှန်းမသိဘဲ ပွဲချင်းပြီး သေဆုံးသွားသူ အယောက် ၃၀ လောက် ရှိတာ တွေ့ရတယ်။

တချို့ ဗုံးဆန်သင့် သေဆုံးလိုက်ပုံများ ဘယ်သူဘယ်ဝါမှန်း မသိလောက်ကို ရုပ်ပျက်ဆင်းပျက်၊ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ အမည်မသိ၊ လိပ်စာမသိ လူတယောက်ဆိုတာပဲ သိပြီး သေဆုံးသွားသူ ၂၄ ဦး။ တယ်လီဂရမ်မှာ တင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေက မကြည့်ဝံ့စရာ ကြောက်မက်ဖွယ်။

စာရင်းချုပ်လိုက်တော့ စက်တင်ဘာ ၂၈ ရက်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီ တံ တားဝန်းကျင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၅၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ။ ဒဏ်ရာရ စာရင်းထဲမှာ ပြင်းထန်ဒဏ်ရာရရှိသူ ၂၁ ဦး။

ရခိုင်ပြည်နယ်မှာ အခုလောက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု တကြိမ် တခါမှ မရှိခဲ့လေတော့ ဗုံးကြဲချခဲ့တဲ့ မင်းအောင်လှိုင် လက်ပါးစေ တိုက်လေယာဉ်မှူးတွေ ချက်ချင်း ရာထူးမတိုးရင်တောင် ပထမဦးစားပေး ရာထူးတိုးစာရင်းထဲ ခုန်ပျံကျော်လွှား ရောက်ရှိသွားမှာက သေချာတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခဲ့ပြီးနောက် သတ်လိုက်တဲ့ လူသတ်ပွဲတွေက ပက်ပက်စက်စက်တွေချည်း။ လွတ်လပ်တဲ့သုတေသနအဖွဲ့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ စက်တင်ဘာ ၂၉ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း အရပ်သား ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက် မနည်းရှိပြီး အရပ်သား ၂,၃၂၄ ဦး အသက် ဆုံးရှုံးခဲ့တယ်လို့ သိရတယ်။ သေဆုံးသူအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်အုပ်စု ဘယ်နေရာတွေမှာ ကျူးလွန်ခဲ့သလဲဆို တော့ ရန်ကုန်တိုင်းမှအပ နိုင်ငံတဝန်းလို့ ဆိုတယ်။

ပြောရရင် မင်းအောင်လှိုင်အတွက် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာက အရင့်အရင်ကတည်းက လုပ်မြဲလုပ်စဉ်မို့ သိပ်တော့လည်း ထူးဆန်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတခေါက် ကျောက်တော်ဈေး ဗုံးကြဲမှုက အရပ်သားတွေကို ပြောင်ပြောင်တင်းတင်း တိုက် ခိုက်တာ သိပ်ရှင်းလွန်းသလို ကိုယ့်ကိုယ်ကို ရွေးကောက်ခံအစိုးရပါလို့ ရင်ဘတ်ကြီး ပုတ်ပြနေရင်းနဲ့ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တာလည်း ထင်ရှားတယ်။

ထုံးစံအတိုင်း ကုလသမဂ္ဂနဲ့ အနောက်အုပ်စုက အားချင်းဆိုသလို ကျောက်တော် လူသတ်ပွဲကို  ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တွေ ထွက်လာပြီး တရုတ်နဲ့အိန္ဒိယက မသိချင်ယောင် ဆောင်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကတော့ လေသံဖျော့ဖျော့လေးနဲ့ ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအပေါ် စိုးရိမ်မိကြောင်း အောက်တိုဘာ ၃ ရက်ကျမှ ထုတ်ဖော်ပြောတယ်။

ကျောက်တော် လူသတ်ပွဲအပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ ကန့်ကွက်ရှုတ်ချသံ ပြင်းထန်နေဆဲဖြစ်တဲ့ စက်တင်ဘာ ၃၀ ရက်မှာပဲ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောတို့ကို အစိုးရတုက ဗုံးဆက်ကြဲပြန်တယ်။ အောက်တိုဘာ ၁ ရက်ကျတော့ ကျောက်တော်၊ သစ်တပုံဆည်ဝန်းကျင်နဲ့ သကြား စက်ရွာဘုန်းကြီးကျောင်းဝန်းကျင်ကို ဗုံး အလုံး ၄၀ ခန့် ထပ်ကြဲချတယ်။ ပြီးတော့ သံတွဲမြို့ပေါ်။ အောက်တိုဘာ ၂ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်။ 

ပြောရရင် နိုင်ငံတကာရဲ့ ကန့်ကွက်ရှုတ်ချမှုကို မင်းတို့ကန့်ကွက်လို့ ထပ်ဗုံးကြဲပြတာဆိုပြီး စိန်ခေါ်လိုက်တဲ့သဘော။ ထပ်ပြောရရင် AA အပါအဝင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ပြည်သူမှန်သမျှကို သူတို့ရဲ့ သတ်ဖြတ်မှုဟာ တရားဝင်မှု ရှိတယ်လို့လည်း ဆိုလိုချင်ပုံ။ အာဏာသိမ်းအစိုးရတုက ဘာလို့ ဒီလောက်တောင် ဘယ်ကမ္ဘာကိုမှ လူမထင်နေရသလဲ ဆိုတော့ သူတို့ ဘယ်လောက်သတ်သတ် နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူမှုတွေ ရောက်လာမယ်လို့ မယူဆထားလို့ပါပဲ။ 

မှတ်မိကြဦးမယ် ထင်တယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီကျော်ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီးတည့်တည့် စစ်တပ်က ဗုံးကြဲချ။ ပြည်သူ ၃၀ ကျော် သေဆုံးပြီး ဆေးရုံတခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့ရ။ အဲဒီတုန်းကလည်း နိုင်ငံတကာအသိုက်အဝန်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပေမဲ့ ပြီးတော့လည်း ပြီးသွားတာပဲ ဆိုသလို တပတ်၊ ၁၀ ရက်လောက်ကြာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်တယ်။

နောက်ထပ် ရှိသေးတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု။ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ရက်၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန် တွင်းရွာ စာသင်ကျောင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု။ ဒီဖြစ်စဉ် ၂ ရပ်က စာသင်နေတဲ့ ကလေးတွေကို အကြောင်းမဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်လို့ ချက်ချင်းဆိုသလို  နိုင်ငံတကာအသိုက်အဝန်းအထိ သွေးညှီနံ့တွေ ထောင်းထောင်းထခဲ့တယ်။

အဲဒီလို ကြောက်မက်ဖွယ် လူသတ်ပွဲတွေ ဖြစ်တိုင်း နိုင်ငံတကာအသိုက်အဝန်းက မြန်မြန်ဆန်ဆန် ကန့်ကွက်ရှုတ်ချခဲ့ပေမဲ့ ပြီးတော့လည်း ပြီးသွားတာပဲဆိုတော့ ဒီလို လူမဆန်မှုတွေကိုမှ မရှုတ်ချရင် သိက္ခာကျမှာမို့ ကြေညာချက်ထုတ်နေခြင်းလားလို့ မေးခွန်းထုတ်ရပါမယ်။

ကျောက်တော် လူသတ်ပွဲလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တိုင်း တောင်းဆိုသံတရပ်ကိုလည်း ကြားရလေ့ရှိတယ်။ အဲဒါကတော့ အစိုးရတုလက်ဝယ်သို့  လေယာဉ်ဆီတွေ မရောက်အောင် ဖြတ်တောက်ဖို့။ 

အစိုးရတုကို လေယာဉ်ဆီမရောင်းဖို့ ကုလသမဂ္ဂစင်မြင့်ထက်ကနေ သံအမတ်ကြီးဦးကျော်မိုးထွန်းက မကြာခဏ ပြောကြားနေတာကြောင့် နိုင်ငံတကာက မသိတာတော့ မဟုတ်။ သိသိကြီးနဲ့ ဘာကြောင့် မလုပ်နိုင်တာလဲဆိုတော့ စစ်အုပ်စုအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်နေပြီး  စုစည်း ချိတ်ဆက် ဖော်ဆောင်နိုင်စွမ်းမရှိတာကြောင့်လို့ နားလည်ရတယ်။

အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Blood Money က လေယာဉ်ဆီရရှိနေတဲ့ လမ်းကြောင်း မှန်သမျှ (လေယာဉ်ဆီကွင်းဆက်တခုလုံး)ကို ပိတ်ဆို့အရေးယူဖို့နဲ့ အစိုးရတုက နိုင်ငံခြားကနေ လေယာဉ်ဆီ သယ်ယူရာမှာ လိုအပ်တဲ့ ရေကြောင်းအာမခံပေးမှုကို UK အစိုးရအနေနဲ့ ဖြတ်တောက်ရမယ်လို့ ဆိုတယ်။ Blood Money ရဲ့ အဲဒီပြောကြားချက်ဟာ ဖြစ်နိုင်ခြေရှိတယ်လို့ နားလည်ရတယ်။

ဒါပေမဲ့ အဲဒီသီအိုရီတွေ လက်တွေ့ဖြစ်ထွန်းလာရေးအတွက် နိုင်ငံတကာ စိတ်ဝင်စားလာအောင် လှုံ့ဆော်ဖိအားပေးနိုင်စွမ်း မရှိခြင်းကလည်း ပြဿနာကြီးတရပ်အဖြစ် ဒီနေ့အထိ တည်ရှိနေပြန်တယ်။ ဒါကို နောက်တမျိုးပြောရရင် မြန်မာ့အရေး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရာမှာ စုစည်းမှု ရှိတဲ့ ခွန်အားတရပ် ရှိမနေခြင်းပါပဲ။

ပြောရရင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာအရေးမှာ ကျွမ်းကျင်မှုရှိတဲ့ အရပ်ဘက်အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်အင်အားစုတရပ်အဖြစ် စုဖွဲ့ထားနိုင်ခြင်းမရှိပါဘူး။ ဥပမာ- မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိရောက်စူးရှမှုရှိတဲ့ Justice For Myanmar လို အဖွဲ့အစည်းမျိုးနဲ့တောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထိတွေ့ဆွေးနွေးမှုရှိတယ်လို့ တခါမှ မကြားခဲ့ဖူးပါဘူး။ တခုတည်းသောခရီးကို အတူတကွ လက်ချင်းချိတ် သွားကြတာမျိုးမရှိဘဲ ကိုယ့်လမ်းကိုယ်ထွင်  ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေကြခြင်းကြောင့် သွားသလောက် ခရီးမရောက်ဘူးလို့ ထင်ရတယ်။

နိုင်ငံတကာရဲ့ ထိရောက်မှုရှိတဲ့ ဖိအားတွေ သက်ရောက်လာဖို့ဆိုရင် ကိုယ့်ပေါင်ကိုယ် အရင် လှန်ထောင်းကာ ကိုယ့်အားနည်းချက်ကိုယ် ရှာဖွေကြဖို့ လိုပါမယ်။ NUG အစိုးရကလည်း ကိုယ့်သဘောကိုယ်ဆောင်၊ အရပ်ဘက်အဖွဲ့တွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ တဦးချင်းစီကလည်း ကိုယ် ပြောနိုင်သလောက် ပြောနေမယ်ဆိုရင် ဤခရီးက နီးသင့်ပေမဲ့ ဝေးနေဦးမှာပါပဲ။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013