
လတ်ဗီးယားနိုင်ငံရဲ့ Air Baltic လေကြောင်းလိုင်းဟာ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ လေကြောင်းကဏ္ဍတခုလုံးရဲ့ အကျပ်အတည်းကို ကျော်လွှားပြီး အကြွေးတွေကို ပြန်လည်ဖွဲ့စည်းနိုင်ဖို့အတွက် စက်တင်ဘာ ၁၄ ရက်မှာ အမေရိကန် ဒေဝါလီခံမှုဆိုင်ရာဥပဒေ ပုဒ်မ ၁၁ အရ အကာအကွယ် ရယူဖို့အတွက် နယူးယောက်မြို့မှာ ဆန္ဒအလျောက် လျှောက်ထား ခဲ့တယ်လို့ ဆိုပါတယ်။
တရားရုံးရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ဆောင်မဲ့ ဒီလုပ်ငန်းစဉ်တွေကို နောင်နှစ် ဇွန်လမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပြီး လေကြောင်းလိုင်း ပျံသန်းမှုတွေနဲ့ လုပ်ငန်းဆောင်တာ အားလုံးကတော့ ပုံမှန်အတိုင်း အစီအစဉ် ဆွဲထားသလိုပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ခရီးသည်တွေအနေနဲ့ ဘာမှ လုပ်ဆောင်စရာမလိုဘဲ ဘွတ်ကင်လုပ်ထားတာတွေနဲ့ လက်မှတ်တွေ အားလုံး ဆက်ပြီး အကျုံးဝင်ပါတယ်လို့ ဆိုပါတယ်။
အခုလုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်း ပစ်မှတ်တွေနဲ့ လုပ်ဖော်ကိုင်ဘက် အများစုဟာ နိုင်ငံတကာ အဆင့်မီသူတွေ ဖြစ်နေတာကြောင့် ပြဿနာအားလုံးကို လုပ်ငန်းစဉ်တခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့၊ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပြီး လုပ်ထုံးလုပ်နည်းတွေ ခိုင်မာလို့ ခန့်မှန်းရ လွယ်ကူတာကြောင့် ပုဒ်မ ၁၁ ကို ရွေးချယ်ခဲ့တာလို့ စီအီးအို အာနို ဟီလ်ဒန်က ရှင်းပြပါတယ်။
ကိုယ်တိုင် ပါဝင်လုပ်ကိုင်ခဲ့ဖူးတဲ့ စကန်ဒီနေးဗီးယား လေကြောင်းလိုင်း (SAS) အပါအဝင် တခြားလေကြောင်းလိုင်းတွေလည်း ဒီစနစ်ကို အသုံးပြုပြီး အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တဲ့ သာဓက တွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းလိုင်းအနေနဲ့ နှစ်စဉ် ယူရို ၄၅ သန်း အမြတ်ငွေ တိုးမြှင့်ရရှိဖို့ ရည်မှန်းထားပြီး အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်ပေမဲ့ အပြောင်းအလဲတွေကိုတော့ ရုတ်တရက် အကြီးစားလုပ်သွားမှာ မဟုတ်ဘဲ လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုအဆင့်အတိုင်း ဆက်လက် ပေးအပ်သွားမယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အီရန် စစ်ပွဲကြောင့် လေယာဉ်ဆီဈေးနှုန်းတွေ ၂ ဆ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း လေကြောင်းခရီးသွားလာရေးကဏ္ဍအတွက် အဆိုးရွားဆုံး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ငွေကြေးအင်အား ကျပ်တည်းနေတဲ့ လေကြောင်းလိုင်းတွေအနေနဲ့ ပြိုလဲသွားနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အမှုဆောင်တွေက သတိပေးထားပါတယ်။
Source: Reuters











