
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ကွင်းဆက် အကျပ်အတည်း ဖြစ်နေချိန်မှာ တရုတ်နိုင်ငံက စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာတွေ အလွန်အကျွံ သိုလှောင်နေမှုကို ရပ်တန့်သင့်တယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်းက ဝေဖန်လိုက်ပါတယ်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်း ဒေးဗစ် မားလ်ပတ်စ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ရဲ့ ပေကျင်း ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“သူတို့မှာ စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာ ကမ္ဘာ့အကြီးဆုံး စုဆောင်းမှုကြီး ရှိထားပြီးသားမို့ သိုလှောင်မှုတွေကို ရပ်လိုက်လို့ရပါပြီ” လို့ မားလ်ပတ်စ်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာတဝန်း ဓာတ်မြေဩဇာ တင်ပို့မှုတွေ ပြတ်တောက်နေချိန်မှာ တရုတ်ကလည်း ပြည်တွင်းလိုအပ်ချက်ကို အကြောင်းပြပြီး ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် တရုတ်က သူ့ကိုယ်သူ ဖွံ့ဖြိုးဆဲနိုင်ငံလို့ ပြောနေတာကလည်း ဘယ်လိုမှ ယုံကြည်စရာ မရှိတော့ဘူးလို့ မားလ်ပတ်စ်က ဝေဖန်ပါတယ်။
“ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားစုကြီး ဖြစ်နေသလို ဘယ်လိုကြည့်ကြည့် ချမ်းသာနေပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ရပ်တည်နေတယ်” လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်းက မှတ်ချက်ပေးပါတယ်။
ဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူဖန်ယွီက လက်ရှိ ပြတ်တောက်မှုတွေဟာ တရုတ်ကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုတာကို အားလုံးက အသိအမှတ်ပြုထားတယ်လို့လည်း လျူဖန်ယွီက ဆက်လက် ပြောဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားကို အီရန်ကသာ ထိန်းချုပ်ထားရင် ကုန်သွယ်ရေးကနေ အမြတ်အစွန်း ကြီးကြီးမားမား ရနေတဲ့ တရုတ်က အနစ်နာဆုံး ဖြစ်လိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်းက သတိပေးထားပါတယ်။
ဒေးဗစ် မားလ်ပတ်စ်ဟာ ၂၀၁၉ ကနေ ၂၀၂၃ အထိ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးသလို ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ပထမသက်တမ်းမှာ နိုင်ငံတကာရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့ဖူးပါတယ်။










