
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ဒေသခံပြည်သူ ၆ ယောက်ထက်မနည်းကို ဇူလိုင် ၇ ရက်မှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “၆ ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၁၀၀ လောက်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ရွာကို ဝင်ရောက်ပြီး ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမပျူရွာထဲကို ဝင်သွားတဲ့အခါမှာ သူတို့စစ်ကြောင်းဖြတ်ခဲ့တဲ့ ပခုက္ကူမြို့နယ်ထဲမှာရှိတဲ့ ဖောင်းကွဲရွာက ပြည်သူ ၂ ယောက်နဲ့ ဖောင်ကျောင်းရွာက ပြည်သူ ၄ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားကြတယ်လို့သိရတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါပြီးတော့ မြေပြင်အခြေအနေကလည်း အခုပြောတဲ့ အရေအတွက်ထက် ပိုနိုင်တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၈ ရက် မနက်ပိုင်းမှာတော့ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ တွင်းမ ပျူစောထီးကျေးရွာကနေ ကမ္မမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားကြပေမဲ့ ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံရသူတွေ ကတော့ ဇူလိုင် ၈ ရက် ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
မြိုင်မြို့နယ်အခြေစိုက် မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက “မြိုင်မြို့နယ်ထဲမှာ ကျန်ခဲ့တဲ့ ၁ လခွဲ ၂ လလောက်ကတည်းက အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ကြတော့ တိုက်ပွဲတွေထဲမှာ သူတို့ဘက်က သေတာတွေ၊ ကျိုးပြတ်ပြီး ဒဏ်ရာရတာတွေ ၁၀၀ ကျော်လောက်ရှိလို့ လူနာလာကောက်တဲ့ MI17 ရဟတ်ယာဥ်ကို ဟိုတလောက ပစ်ချလိုက်ပြီးနောက်ပိုင်း စစ်ကြောင်းတွေနဲ့ ပျူရွာတွေမှာ လက်နက်အင်အား လူအင်အား ထပ်တိုးတာတွေ လုပ်နေတယ်”လို့ ပြောပါတယ်။
အခုလို ပြည်သူတွေကို ဓားစာခံလုပ်ပြီး စစ်ကြောင်းတွေက ဖမ်းဆီးသွားတာတွေ မကြာခဏ ဖြစ်နေကာ တချို့ပြည်သူတွေ ပြန်လွတ်လာတာရှိပေမဲ့ တချို့ကျတော့လည်း အသတ်ခံလိုက်ရလို့ ပြန်မလာနိုင်တာတွေရှိတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်ထဲကို မြေပြင်စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေတဲ့အပြင် ဇူလိုင် ၈ ရက် မနက် ၁ နာရီဝန်းကျင်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ပခုက္ကူ၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ကို တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင် ၉ ရက် မနက် ၁ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ်တောင်ပိုင်းက သာစည်ကျေးရွာအနီးကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ တိုက်ခိုက်သွားပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
ပခုက္ကူ၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေထဲကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေသလို လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေကို အထူးသတိပြု လိုက်နာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










