အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမြို့မှာ မေ ၁၄ ရက်က ၂ နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီး ဒီဆွေးနွေးပွဲဟာ အလွန်ကောင်းမွန်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဒီတွေ့ဆုံမှုမှာ သမ္မတ ထရမ့်ပ်က အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ ကောင်းမွန်တဲ့ အနာဂတ်ကို အတူတူ တည်ဆောက်သွားမဲ့အကြောင်း ပြောပါတယ်။
ရှီကလည်း နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေသာ ဖြစ်သင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ရှီက ထိုင်ဝမ်အရေးကို စနစ်တကျ မကိုင်တွယ်ရင် ထိပ်တိုက်တွေ့တာ ဒါမှမဟုတ် ပဋိပက္ခဖြစ်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ရှိမရှိကိုတော့ ထရမ့်ပ်က ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ရှီက “ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိပြီး ထိပ်တိုက်တွေ့ရင်တော့ နှစ်ဖက်စလုံး ထိခိုက်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သမ္မတ ထရမ့်ပ်ကို အမြောက်တပ်နဲ့ အလေးပြုတာ၊ ကလေးငယ်တွေက ကြိုဆိုတာမျိုးတွေနဲ့ ခမ်းခမ်းနားနား ဧည့်ခံခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ မနက်ပိုင်း ဆွေးနွေးပွဲအပြီးမှာ ၁၅ ရာစုကတည်းက တည်ရှိခဲ့တဲ့ ကောင်းကင်ဘုံဘုရားကျောင်းကို အတူတူ လည်ပတ်ခဲ့ကြပါတယ်။
ညနေပိုင်းမှာတော့ သမ္မတ ထရမ့်ပ်ကို သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။











