အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချဖို့ အမိန့်ပေးခဲ့အပြီးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဘက်က “အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှု” ကို ရရှိထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဩဂုတ် ၁၇ ရက်က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားက ကမ်းလှမ်းချက်တွေကို ဘာလို့ မတုံ့ပြန်တာလဲလို့ သတင်းထောက် တယောက်က မေးမြန်းရာမှာ ထရမ့်ပ်က “သူ တုံ့ပြန်ပါတယ်” လို့ပဲ ခပ်ပြတ်ပြတ် ဖြေကြားခဲ့ပြီး အသေးစိတ်ကို ထပ်မပြောခဲ့ပါဘူး။
မဟာမိတ်တွေထက် ရန်ဘက် မြောက်ကိုရီးယားရဲ့ အကျိုးစီးပွားကို ဦးစားပေးနေသလားလို့ မေးတော့လည်း မဟုတ်ပါဘူး၊ အခြေအနေတွေကို ပိုပြီး ဘေးကင်းအောင် လုပ်ပေးနေတာပါလို့ ဆိုပါတယ်။
ထရမ့်ပ်ဟာ စစ်ရေးလေ့ကျင့်စရိတ် ကုန်ကျတာ များတာအပြင် အီရန်အရေးမှာ ဆိုးလ်ဘက်က ပါဝင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို “သိသိသာသာ လျှော့ချဖို့” ပင်တဂွန်ကို မကြာမီကမှ ညွှန်ကြားခဲ့တာပါ။
သူ့ ပထမသက်တမ်းတုန်းကလည်း တောင်ကိုရီးယားကို စစ်ရေးအကာအကွယ်အတွက် တနှစ်ကို ဒေါ်လာ ၃ ဘီလီယံ ပေးခိုင်းခဲ့ဖူးကြောင်း ပြန်ပြောပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်းနဲ့ ဆက်ဆံရေးအကြောင်း ပြောရာမှာတော့ “သူက ကျနော့်ကို အမြဲတမ်း လေးလေးစားစား ဆက်ဆံပါတယ်။ အဓိကအားဖြင့် နှစ်ကြိမ်တွေ့ဆုံပြီး စကားတွေပြောရင်း အချိန်ကုန်ခဲ့ကြတယ်။ ကျနော် သူ့ကို နားလည်သလို သူလည်း ကျနော့်ကို နားလည်ပါတယ်။ သူက ဘိုင်ဒင်နဲ့ အိုဘားမားကို မကြိုက်ပေမဲ့ ကျနော်နဲ့ကျတော့ အရမ်းအဆင်ပြေတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ ကင်မ်ဂျုံအန်းနဲ့ ပြန်တွေ့ချင်သေးတယ်လို့လည်း ဆိုပါတယ်။
သူတို့နှစ်ယောက်ဟာ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက ထိပ်သီးအစည်းအဝေးတွေ လုပ်ခဲ့ကြပေမဲ့ နျူကလီးယားကိစ္စကြောင့် ဆွေးနွေးပွဲတွေ ပျက်စီးခဲ့ရတာပါ။
အခုနောက်ပိုင်း မြောက်ကိုရီးယားဟာ ရုရှားနဲ့ ပိုနီးကပ်ပြီး ယူကရိန်းစစ်ပွဲမှာ ကူညီပေးနေလို့ ထရမ့်ပ် အစိုးရက ဝေဖန်မှုတွေ ရှိနေပေမဲ့ ထရမ့်ပ်ကတော့ ကင်မ်ဂျုံအန်းနဲ့ တိုက်ရိုက် သံတမန်ရေး ပြန်စဖို့ စိတ်ဝင်စားနေတုန်းပဲ ဖြစ်ပါတယ်။
အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံရုံးတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်မပေးသေးပါဘူး။
Source: Reuters











