DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကျေးဇူး မေ့လို့မရဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ပြောကြား
DVB
·
June 12, 2015
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကျေးဇူး မေ့လို့မရဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ပြောကြား
Donate to DVB

အငြိမ်းစားတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ကျေးဇူးကို မေ့လို့မရဘူးလို့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၉ ရက်ညနေက နေပြည်တော် ဘုရင့်နောင်ရိပ်သာခန်းမမှာ ဂျပန် မိုင်နိချိ (Mainichi) သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာလို့ မြန်မာကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က “ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ သူ့ရဲ့ ကျေးဇူးလို့ ပြောရမှာပေါ့။ သူ့ရဲ့ကျေးဇူးကို မေ့လို့မရပါဘူး။ သူလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။ အခု သူပြောင်းလဲပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ နည်းနည်းလေး ထိန်းပြီးလုပ်သွားတာနဲ့ ခိုင်ခိုင်မာမာ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်တယ်”လို့ ဖြေကြား သွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်အပေါ်မှာ နှစ်ပေါင်းများစွာ ဦးဆောင်ပြီး ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားတဲ့အကြောင်းနဲ့ ခေတ်မီတပ်မတော်တခု ဖြစ်လာတာ သူ့ရဲ့အားထုတ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး အချို့အရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်ပါသလားဆိုတဲ့ ဂျပန်သတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူက တပ်မတော်ရဲ့ ဖခင်ကောင်းတယောက်ပါ။ ကျနော်တို့အနေနဲ့လည်း ကျနော်တို့ရဲ့၊ တပ်မတော်ရဲ့ မိဘတယောက် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း အခါကြီး ရက်ကြီးတွေ၊ ဥပမာအဖြစ် သီတင်းကျွတ် ကန်တော့တာကတော့ ရိုးရာထုံးတမ်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာ နှစ်ဆန်းတရက်နေ့မှာ ကန်တော့တာရှိတယ်။ ရံဖန်ရံခါမှာ တွေ့ဆုံမှုတွေရှိတယ်။ ရှိတဲ့အခါကျတော့ သူ့အနေနဲ့လည်း ကျနော်တို့အပေါ်မှာ လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် သမ္မတကြီး ဦးသိန်းစိန်နဲ့ ပတ်သက်လို့လည်း သမ္မတဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တတိုင်းပြည်လုံး သေနတ်သံတွေ သိပ်မကြားရတော့ဘဲ နည်းသွားပြီလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ ပြောဖို့ခက်တဲ့အကြောင်းနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တဲ့အတွက်ကြောင့် လူသိများတဲ့ သူတယောက်ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ရာထူးက အနားယူသွားပြီးနောက် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013