
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဆေးခန်းနဲ့ တည်းခိုခန်းကို စစ်အာဏာရှင်တပ်က မနေ့ ဧပြီ ၂၁ ရက် ည ၉ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြုတွေနဲ့ ဝန်ထမ်း၊ တည်းခိုသူတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာမှာရှိတဲ့ မိုင် ပုဂ္ဂလိကဆေးခန်းနဲ့ ဥရုတည်းခိုခန်းက ဝန်ထမ်းနဲ့ တည်းခိုသူတွေကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်လွတ် လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
လုံးခင်းဒေသခံတယောက်က “မိုင် ပုဂ္ဂလိကဆေးခန်းကို ဝင်စီးပြီးတော့ ဆရာဝန်တွေ၊ ဆရာ၊ ဆရာမ တွေကို ဖမ်းသွားတယ်။ ဆေးခန်းစောင့် ဆရာမတဦးပဲ ချန်ထားခဲ့တယ်။ ကျန်တာ အကုန်ဖမ်းသွား တာ။ ဘယ်နှယောက်ပါတယ် ဆိုတာကိုတော့ မသိရသေးဘူး။ ဥရုတည်းခိုခန်းက ဝန်ထမ်းနဲ့ တည်းခိုသူတွေကိုလည်း ဝင်ဖမ်းသွားတယ်။ ဘယ်နှယောက်လဲတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ မိုင် ပုဂ္ဂလိကဆေးခန်းကို ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေ ကုသပေးတယ်ဆိုတဲ့ စွပ်စွဲချက် ဒါမှမဟုတ် ငွေညှစ်ချင်တာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ဖားကန့်မှာ အရပ်သားတွေ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်။ တချို့ဆို ငွေနဲ့ ပြန်ရွေးရတယ်။ တချို့ကျတော့ ပါလာတဲ့ ကျောက်တို့ လက်ဝတ်လက်စားတို့ ပေးခဲ့ရတာလည်း ရှိတယ်။ ဖမ်းခံရတဲ့အထဲ ရခိုင်လူမျိုးတွေကို သီးသန့်ဖမ်းဆီးထားတာလည်း ရှိတယ်လို့ ကြားရတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ဧပြီ ၂၀ ရက်က ဒေသခံ ဦးဇော်မိုး၊ ဧပြီ ၂၁ ရက်မှာ မိုင် ဆေးခန်းနဲ့ ဥရုတည်းခိုခန်းတို့ကို ပေါ်ပေါ်တင်တင် ဝင်စီးပြီး ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်တပ်ဟာ လုံးခင်းကျေးရွာအုပ်စုနဲ့ အောင်ရာကျေးရွာထဲမှာ အင်အားအလုံးအရင်း နဲ့ နေရာယူထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ကလည်း ရခိုင်လူမျိုး ၃ ယောက်အပါအဝင် ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ထားတာကို တွေ့ခဲ့ပြီး ရခိုင်တိုင်းရင်းသား ၃ ယောက်လုံး လက်မှာ Arakan တက်တူးပါရှိလို့ ဓားနဲ့မွှန်းခံထားရတာကို တွေ့ရတယ်လို့ သိရပါတယ်။










