
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ပြီး ခွဲစိတ်ကုသမှု အရေးပေါ် ခံယူခဲ့ရတယ်လို့ စစ်ကောင်စီက မတ် ၂၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၀ ရက်က နေပြည်တော်ရှိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှာ အိန္ဒိယနိုင်ငံမှ ပါရဂူတွေနဲ့ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အရေးပေါ်ခွဲစိတ်ကုသမှု ၂ နာရီကြာ ပြုလုပ်ခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ခွဲစိတ်မှုအောင်မြင်ပြီး တာဝန်ဆက်လက်ထမ်းဆောင်နေတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်လေ့ရှိပေမဲ့ စစ်ကောင်စီက အခုလို ထုတ်ပြန်လေ့ မရှိပါဘူး။
ဆေးပညာအရတော့ ဒီလိုရောဂါဟာ လနဲ့ချီဖြစ်ပြီးနောက် ဆီးနဲ့ဝမ်း မထိန်းနိုင်တော့တဲ့ အခြေအနေမှာ အရေးပေါ်ခွဲစိတ်ကုသရတာ ဖြစ်ပါတယ်။










