DVB Logo
Home
မြန်မာသတင်း
ဖာပွန်ထိုးစစ် ၄ လအတွင်း စစ်တပ်က တပ်ရင်းမှူး အပါအဝင် ၁၅၀ ကျော် သေဆုံး
အောင်ခန့်
·
September 16, 2026
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် စစ်လက်နက်များ။ (Photo: KNU)
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် စစ်လက်နက်များ။ (Photo: KNU)
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ၄ လကျော်အတွင်း စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၁၅၂ ယောက် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။

စစ်တပ်စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ မိုင်တိုင်အမှတ် ၂၈/၅ မိုင်နားက ဖားလုံးကြီးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။

ဒါကြောင့် ၄ လကျော်အတွင်း စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် သေဆုံးသူ ၁၅၂ ယောက်၊ ဒုရင်းမှူး အပါအဝင် ဒဏ်ရာရသူ ၂၀၀ နဲ့ လက်နက် ၂၀ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဘက်ကို ထွက်ပြေးလာသူ ၃၆ ယောက်၊ ဘတ်ဟိုးယာဉ် အပါအဝင် ယာဉ်မျိုးစုံ ၈ စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “မြန်မာအကြမ်းဖက်စစ်ကော်မရှင် ၂၀၂၆ မေလ ပထမအပတ်ကနေစပြီးတော့ စက်တင်ဘာလ ဒုတိယအပတ်အထိ အဲ့အတွင်းမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ စစ်ရေးရှုံးနိမ့်မှုကို ကျနော် ဒီအချက်အလက်တွေ တင်လိုက်ရတာက သူတို့နဲ့ပြိုင်ပြီးတော့ ကြွားဝါဖို့ မဟုတ်ဘူး။ ဒီအကြမ်းဖက်လုပ်ရပ်တွေက ပြည်သူအသိပဲ။ နောက် စစ်ရေးရှုံးနိမ့်မှုတွေ အချက်အလက်တွေ တကယ်ရှိတဲ့ဟာကို မှန်ကန်တဲ့ဟာကို တင်ထားတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက်က ဖားလုံးလေးခွင်ကနေ စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ တပ်ရင်းက တပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်ကတော့ ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားပြီး ယာယီခြေကုပ်စခန်း ၁၁ ခု၊ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနဲ့ ဆက်စပ်စ္စည်းတွေ၊ FPV Drone ၂၄ စီး၊ မိုင်းမျိုးစုံ ၂၄၃ လုံး၊ လမ်းလျှောက်စကားပြောစက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖာလုံးကြီးကျေးရွာဘက်ကိုပါ သိမ်းပိုက်ရရှိတယ်လို့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “တိုင်းရင်းသားနယ်မြေတွေ အားလုံးမှာလည်း တိုက်ပွဲဖြစ်ပြီဆိုရင် စကမဘက်ကနေ  ထိခိုက်ကျရှုံးမှုများစွာနဲ့ ဖြစ်နေတယ်ဆိုတာ တနိုင်ငံလုံး သိပြီးသား ဖြစ်တယ်။ KNU နယ်မြေမှာတော့ တက်လိုက်တိုင်း ကျဆုံးတယ်။ အရာရှိကြီးတွေပါ ကျဆုံးနေတယ် ဆိုတာကို ကျနော်တို့ ကြားသိနေရတယ်၊ မြင်တွေ့နေရတယ်။ ပြီးတော့ နောက်ဆက်တွဲ ထိုးစစ်တွေ ဆင်လာဦးမယ်ဆိုရင် မြေပြင်အနေနဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဝေဟင်အနေနဲ့ပဲ သူတို့ဘက်မှာ အားသာချက်ရှိတယ်။ မြေပြင်သီးသန့်ထိုးစစ်ဆင်လို့ကတော့ ဒေသခံ တိုင်းရင်းသားတွေကိုတော့  နိုင်လေ့နိုင်ထ မရှိဘူး။ နောက်လည်း နိုင်မှာမဟုတ်ဘူး၊ အခုလည်း နိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်စစ်ကြောင်းတွေ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၂၇၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘာသာရေးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကျောင်း ၁၈ ကျောင်း ပိတ်ထားရတဲ့အပြင် ကျေရွာအတွင်း နေထိုင်မရဲတဲ့ ကျေးရွာ ၂၇ ရွာ၊ ထွက်ပြေးတိမ်းရှောင်သူ ၃၅,၀၀၀ ကျော်ရှိတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013