
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ ရိုဟင်ဂျာ ၉ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၈ ရက် မနေ့မနက်အစောပိုင်းက ဧရာဝတီတိုင်းထဲကို ထွက်ပြေးဝင်ရောက်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ၉ ယောက်ကို စစ်တပ်က ရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ကင်းလှည့်နေတဲ့ စစ်တပ်က ဖမ်းခဲ့တာ။ အဖမ်းခံရတဲ့ မိန်းကလေး ၄ ယောက် ပါတယ်။ ဘယ်မှာဖမ်းချုပ်ထားတယ်ဆိုတာ မသိသေးဘူး” လို့ပြောပါတယ်။
အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဘက်ကနေ လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်းမြို့မှာ ရခိုင်ပြည်နယ်က ဝင်လာတဲ့ ရိုဟင်ဂျာ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။










