DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) အနည်းငယ် ပြင်ဆင်
DVB
·
June 11, 2015
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) အနည်းငယ် ပြင်ဆင်
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်အစား အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းက သဘောတူလက်ခံရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားတဲ့ ဥပဒေမူကြမ်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၁၀ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း အဆိုတင်သွင်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်အမတ်တွေ သိရှိစေဖို့ ဖြန့်ဝေပေးထားတာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆(က) နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် ထည့်သွင်းထားရာမှာ “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်” ဆိုတဲ့နေရာမှာ “ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်” လို့ ပြင်ဆင်ပေးထားပါတယ်။

နိုင်ငံတော်အကြီးအကဲ သမ္မတ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(ဃ)ပါ “စစ်ရေး”အမြင် ရှိရမယ်ဆိုတဲ့နေရာမှာ “ကာကွယ်ရေး” အမြင် ရှိရမယ်လို့ ပြင်ဆင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် အဓိက တားဆီးထားတဲ့ ပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅၉(စ) နဲ့ ပတ်သက်လို့တော့ သားမက်နဲ့ ချွေးမဖြစ်သူတွေရဲ့ နိုင်ငံသား သတ်မှတ်ချက်တွေကို ပယ်ဖျက်ပြင်ဆင်ပေးထားကလွဲလို့ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား မဖြစ်ရဘူးလို့ အရင်အတိုင်း အပြောင်းအလဲမရှိ ဆက်လက် ပြဋ္ဌာန်းပေးထား ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “‘သိပ်မထူးခြားတဲ့ အပြောင်းအလဲတွေပဲ။ တကယ့် အရေးကြီးတဲ့ဟာတွေကို ပြုပြင်ပြောင်းလဲတာ မရှိပါဘူး။  ၇၅ ကနေ ၇၀ ရာခိုင်နှုန်းဖြစ်တယ်။ ၇၀ ရာခိုင်နှုန်းဆိုတာလည်း တကယ့်လက်တွေ့မှာ အတော်ခဲယဉ်းတဲ့ဟာပါ။ နယ်မြေတွေအကုန်လုံးကလည်း ရွေးကောက်ပွဲ လုပ်ချင်မှ လုပ်နိုင်မယ်။ အဲဒီမှာ ၇၀ ရာခိုင်နှုန်းလို့ ပြောလိုက်တဲ့အခါကျတော့ သင်္ချာနဲ့တွက်ရင် အရေအတွက် နည်းနည်းအခက်အခဲရှိပါတယ်။ အမြင်ပြောရင်တော့ ကျေနပ်လောက်တဲ့ အခြေအနေ မရှိပါဘူး။ ကျနော့်သဘောပြောရင် ၆၀ ရာခိုင်နှုန်းလောက်ဆိုရင် တော်သေးတယ်။ နောက် ၅၉(စ) ကလည်း ချွေးမနဲ့ သားမက်ပဲဖြုတ်လိုက်တာ။” လို့ ပြောပါတယ်။

သမ္မတ နဲ့ ဒု-သမ္မတဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်စေရဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၆၂၊ သမ္မတနဲ့ ဒု-သမ္မတဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် ကိုယ်စားလှယ်အဖြစ်က၊   နိုင်ငံ့ဝန်ထမ်းဖြစ်ရင် နိုင်ငံ့ဝန်ထမ်းအဖြစ်က နုတ်ထွက်ဖို့ ရေးထားတဲ့ ပုဒ်မ ၆၃ နဲ့ သမ္မတနဲ့  ဒု-သမ္မတတွေဟာ နိုင်ငံရေးပါတီ တခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပုဒ်မ ၆၄ တို့ကိုတော့ ပယ်ဖျက်လိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်တာ၊ ပြည်ထောင်စုဝန်ကြီးတွေ ရွေးချယ်တာနဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ခန့်အပ်တာဝန်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်တချို့ လုပ်ထားတာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ (ခ) ပါ  ပြည်နယ်၊ တိုင်းဝန်ကြီးချုပ် ခန့်အပ်တာနဲ့ပတ်သက်လို့  သမ္မတ ကခန့်အပ်တာဝန်ပေးရန်ဆိုတဲ့နေရာမှာတော့ နိုင်ငံတော်သမ္မတသည်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ထားပြီး  သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းကိုယ်စားလှယ်တွေထဲက သတ်မှတ် အရည်အချင်းနဲ့ ပြည့်စုံသင့်လျော်သူကို ဆန္ဒမဲနဲ့ ရွေးချယ်ဖို့ ဥပဒေကြမ်းမှာ ထပ်ဖြည့်ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းတာနဲ့ ပတ်သက်တဲ့ ပုဒ်မ ၃၉၆(ခ) ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ ဒီပုဒ်မဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်က ပြန်ရုပ်သိမ်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၃၉၈(က) မှာတော့ သမ္မတက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရာမှာ အခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး ခန့်ထားခြင်းနဲ့ အညီ ကော်မရှင်ဥက္ကဋ္ဌ အပါအ၀င် အနည်းဆုံး ၅ ဦး ခန့်အပ်ဖို့ ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံခုံရုံး အဖွဲ့ဝင်တွေ ခန့်ထားခြင်း ပြဋ္ဌာန်းချက်နဲ့အညီ အနည်းဆုံး ၆ ဦးခန့်အပ်ဖို့ ပြင်ဆင်ပေးထားပါတယ်။

တိုင်းရင်းသားအဖွဲ့တွေပြင်ဆင်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၁၅)၊ အထွေထွေ ပြဋ္ဌာန်းချက် ဇယား ၂ ပါ အချက်တွေနဲ့ ပတ်သက်လို့တော့ ပြည်နယ်နဲ့တိုင်းတွေ လုပ်ပိုင်ခွင့်ရှိတဲ့ စီးပွားရေးဏ္ဍမှာတွေထဲမှာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွေ လုပ်ခွင့်ပေးထားသလို စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှာလည်း မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်နိုင်တာတွေ ဖြည့်စွက်ဖော်ပြပါတယ်။

စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနဲ့ သစ်တောကဏ္ဍမှာတော့ ပြည်နယ်နဲ့တိုင်းတွေအတွင်း ဆောင်ရွက်ခွင့်ရှိတဲ့ သယံဇာတ အချိုးအစား သတ်မှတ်ပေးတာနဲ့ လူမှုရေးကဏ္ဍနဲ့ ပတ်သက်လို့တော့ အခြေခံပညာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ ဆောင်ရွက်ခွင့်ပေးတာ၊ ပြည်နယ်နဲ့ တိုင်းအတွင်း ဆောင်ရွက်ခွင့်ရှိတဲ့ အခွန်ကောက်ကိစ္စ ဖြည့်စွက်သတ်မှတ်ချက် ၂၀ လောက် ပြင်ဆင်ပေးထားပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဦးစောသန်းမြင့်က ပြည်နယ်နဲ့တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်ကို နည်းနည်းလေးတိုးပေးလိုက်တဲ့ သဘောပဲရှိတယ်ဆိုပြီး “ကျနော်တို့ ဖြစ်စေချင်တာက ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ကတော့ ဒီကိစ္စတွေ လုပ်ပိုင်ခွင့် အပြည့်အ၀ရဖို့ပေါ့နော်။ ပြည်နယ်နဲ့ တိုင်းအစိုးရ အဖွဲ့အားလုံးက စီမံခန့်ခွဲတဲ့နေရာမှာ မိမိပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေး၊ စီမံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် လုပ်နိုင်တဲ့အဆင့်အားလုံးကို မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်စေချင်တာပေါ့။” လို့ပြောပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ အစိုးရသက်တမ်း ၄ နှစ်တာကာလအတွင်း အတွေ့အကြုံ အချက်အလက်တွေကို အခြေခံပြီး ဇယား (၁) နဲ့ ဇယား (၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတရပ်ကို ဇွန်လအတွင်းမှာပဲ လွှတ်တော်ထံ တင်သွင်းသွားမယ်လို့  ရေဒီယိုမိန့်ခွန်းမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013