အီရန်ရဲ့ ကျောထောက်နောက်ခံပြု ဟူသီ လက်နက်ကိုင်အဖွဲ့တွေဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တချို့ကို တိုက်ခိုက်မှုတွေ အမြောက်အမြား ပြုလုပ်ခဲ့လို့ လူ ၇၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတွေ အမြောက်အမြား ပျက်စီးသွားခဲ့တယ်လို့ ဆော်ဒီသတင်းအေဂျင်စီက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ ဗီဒီယိုအရ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ပျက်စီးသွားရတဲ့ ပမာဏကို ဗီဒီယိုထဲမှာ မြင်တွေ့ရပြီး ပြိုကျနေတဲ့ အဆောက်အအုံ မျက်နှာစာတွေ၊ ဗုံးစနဲ့ သေနတ်ဒဏ်ကြောင့် အပေါက်ပေါင်းများစွာ ဖြစ်နေတဲ့ အိမ်နံရံတွေ၊ လူနေအိမ် ကြမ်းပြင်တွေပေါ်မှာ ကွဲအက်နေတဲ့ မှန်စတွေနဲ့ ဆေးရုံ ခုတင်ပေါ်မှာ ကုသမှုခံယူနေရတဲ့ ဒဏ်ရာရသူတွေကို တွေ့ရပါတယ်။
ဟူသီအဖွဲ့ဟာ တောင်ပိုင်းမြို့တွေဖြစ်တဲ့ အာဘ်ဟာ၊ ခါမစ်စ် မူရှိုက်တ်၊ ဂျာဇာန်နဲ့ နာဂျ်ရာန်မြို့တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က အစောပိုင်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ လုပ်ငန်းတချို့ဟာ အင်္ဂါနေ့မှာ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ယီမင် ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရပြီး ဆော်ဒီအာဏာပိုင်တွေကတော့ ဒါဟာ အန္တရာယ်ရှိတဲ့ ပဋိပက္ခ အရှိန်မြင့်တက်မှုတခုလို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်တက်လာပြီး သံတမန်ရေးရာ ဆွေးနွေးပွဲတွေ စောင့်ဆိုင်းနေချိန်မှာပဲ ပိုမိုကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေ ထိုးတက်သွားခဲ့ရပြီး ဆော်ဒီအာရေဗျနဲ့ လက်နက်ကိုင်အဖွဲ့ကြား အကြမ်းဖက်မှုတွေလည်း ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











