DVB Logo
Home
မြန်မာသတင်း
အခြေခံမဲစာရင်း လူထုစိတ်ဝင်စားမှု နည်းပါးပြီး ပုံစံမျိုးစုံဖြင့် မှားယွင်းနေ
DVB
·
June 11, 2015
အခြေခံမဲစာရင်း လူထုစိတ်ဝင်စားမှု နည်းပါးပြီး ပုံစံမျိုးစုံဖြင့် မှားယွင်းနေ
Donate to DVB

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ မဲပေးခွင့်ရှိသူ စာရင်းတွေကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ရာ အမည်ထပ်နေတာတွေ၊ သေဆုံးသူတွေ၊ အသက်မပြည့်သူတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေပါ မဲစာရင်းမှာ ပါဝင်နေပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာဆိုရင် ရပ်ကွက် ၉ ခုရှိပြီး ရပ်ကွက် ၄ ခုမှာ မဲစာရင်းလာကြည့်သူ မရှိသေးသလို မဲစာရင်းထဲမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေ ပါဝင်နေတယ်လို့ မြို့ခံသတင်းထောက်တဦးက ပြောပါတယ်။

“မဲစာရင်းတွေ ကြေညာပြီး ကပ်တဲ့အချိန်မှာ လာရောက်ကြည့်ရှုသူတွေက တခုနဲ့တခု မတူကြဘူးပေါ့နော်။ ပထမရက်မှာ အများဆုံးလာကြည့်တဲ့ ရပ်ကွက် အမှတ် ၉ ရပ်ကွက်၊ ၃၀၀ ကျော်၊ ၄၀၀ နီးနီးရှိတယ်။ အမှတ် ၄ ရပ်ကွက်မှာကျတော့ ၃၀ ပဲရှိတယ်။ ကျန်တဲ့ရပ်ကွက်တွေမှာလည်း ၄၀၊ ၇၀ လောက် လာကြည့်တယ်။ ထူးခြားတာတခု ဘာတွေ့ရလဲဆိုတော့ မဲစာရင်းတွေ ကပ်ထားတဲ့အထဲမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါတဲ့လူကလည်း တော်တော်များများတွေ့ရတယ်။ အဲဒါ ဘယ်လိုဆောင်ရွက်မလဲတော့ မသိသေးဘူး။ အဲဒါ ထောက်ခံစာနဲ့ မဲပေးရမှာလို့ ကျနော်တို့ကြားတယ်။ နောက် နိုင်ငံခြားရောက်နေတဲ့ သူတွေကလည်း ဒီထဲမှာပါတယ်ဆိုတော့ ဘယ်လိုထည့်ကြမှာလဲပေါ့။ ပြီးတော့ လူထုတွေက စိတ်ဝင်စားမှုက နည်းပါတယ်။”

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်မှာလည်း နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ မဲစာရင်းမှာ ပါဝင်နေပြီး အန်အယ်လ်ဒီအဖွဲ့ဝင်တွေရဲ့ နာမည်တွေ မဲစားရင်းမှာ မပါဘူးလို့ မြို့ခံ ကိုမျိုးက ပြောပါတယ်။

ကယားပြည်နယ်မှာဆိုရင်လည်း နာမည်မှား၊ မှတ်ပုံတင်မှားမှုတွေ ရှိနေတယ်လို့လည်း ကယားပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောပါတယ်။

“ကျမက စစချင်း မနက် ၇ နာရီလောက်မှာ ကျမရပ်ကွက်ကိုပဲ အရင်ကြည့်တာပေါ့နော်။ ကျမ ရပ်ကွက်ကတောင် မကပ်ရသေးလို့ ကျမသွားပြောတော့မှ သူတို့က ကပ်တာ။ အဲဒီမှာ သူများကို ကျမ မကြည့်သေးဘူး၊ ကျမကိုယ်ကျမ ကြည့်တာတောင်မှ ကျမ မှတ်ပုံတင်လည်း မှားပါတယ်။ ဒေါက်တာခင်စည်သူလည်း မပါဘူး။ ဒေါ်ခင်စည်သူပဲ ထည့်ထားတယ်။ ပြီးတော့ ကျမသားလည်းမပါဘူး။ ကျမတို့လို လူကြီးလုပ်နေတဲ့သူတောင် သူတို့ မှားတယ်ဆိုတော့ တခြားလူဆို ပြင်းတောင်ပြင်းသေးတယ်။”

မကွေးတိုင်းဒေသကြီးက မြို့နယ် ၂၅ မြို့နယ်က မဲပေးခွင့်ရှိသူ စာရင်းတွေမှာလည်း သေသူတွေရဲ့ နာမည်ပါတာ၊ နာမည်လွဲချော်မှုတွေ ရှိနေတာ၊ မွေးသက္ကရာဇ်တွေလည်း မှားယွင်းမှုတွေ ရှိနေတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

“မဲစာရင်း အမှားအယွင်းတွေနဲ့ ပတ်သက်လို့ ဖြစ်နေတဲ့ အခြေအနေတွေကတော့ နာမည်တွေ လွဲချော်မှုက အများဆုံးဖြစ်တယ်။ ကွယ်လွန်ပြီးဖြစ်တဲ့သူတွေရဲ့ နာမည်တွေ ပါနေတယ်။ နောက်တခုက မကွေးမြို့လို နေရာမျိုးမှာဆိုရင် ၃၀ ရက် ၆ လဆိုတဲ့ မွေးသက္ကရာဇ်ဟာ တမြို့လုံးနီးပါး မှားယွင်းနေတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံးတိုင်း နီးနီးမှာ မှားယွင်းနေတယ်။ မိသားစုတစုလုံး မပါတာတွေ၊ နာမည်တခုတည်းကို မဲစာရင်းမှာ သုံးလေးကြိမ် ပါတာတွေကလည်း အလွန်များပြားတယ်။ အဲဒီလိုပဲ ဆင်ပေါင်ဝဲနယ် ချောင်းကိုဆိုတဲ့ ရွာမှာဆိုရင် အန်အယ်လ်ဒီအဖွဲ့ဝင်တွေအားလုံး လုံးဝ မဲစာရင်းမှာ မပါတာတွေ ဖြစ်နေတယ်။”

ဒါ့အပြင် မဲစာရင်းကပ်ရာမှာလည်း ရုံးတွင်းမှာကပ်တာ၊ ဓမ္မာရုံတွေထဲမှာ ကပ်တဲ့အတွက် အချိန်မရွေး သွားကြည့်ဖို့ အခက်အခဲရှိနေသလို မဲစာရင်းသွားကြည့်ဖို့ လူထုစိတ်ဝင်စားမှု မရှိကြဘူးလို့လည်း ဦးနေမျိုးကျော်က ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့မှာတော့ လူတွေကြည့်လို့ မမီနိုင်တဲ့ ၈ ပေလောက်မြင့်တဲ့ ဘုတ်ကြီးပေါ်မှာ ကပ်ထားတာတွေ၊ ဓာတ်ပုံရိုက်လို့ မရတာတွေ စတဲ့ အခက်အခဲ ရှိနေတယ်လို့ မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက ပြောပါတယ်။ ဒါ့အပြင် နာမည်မှား မှတ်ပုံတင်မှားတာအပြင် မဲစာရင်းမှာကို မပါတဲ့သူတွေ တော်တော်များများ ရှိနေတယ်လို့လည်း ပြောပါတယ်။

ကယား၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ် ၁၃၀ ကျော်မှာ ဇွန်လ ၈ ရက်နေ့ကစပြီး ဇွန်လ ၂၁ ရက်နေ့အထိ ၁၄ ရက်ကြာ မဲစာရင်းတွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013