အပစ်ရပ်ပြီးမှ ပြန်ချကြပြန်တဲ့ အီရန်နဲ့ အမေရိကန်ဟာ တိုက်ခိုက်မှုတွေရပ်ဆိုင်းပြီး ဟော်မုဇ်ရေလက်ကြားအရေး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဇွန် ၃၀ ရက်ကျရင် ဆွေးနွေးဖို့ သဘောတူညီလိုက်ပါတယ်။
ဇွန် ၁၇ ရက်က ရရှိခဲ့တဲ့ ကြားဖြတ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြတာပါ။
ပြီးခဲ့တဲ့အပတ်က ဟော်မုဇ်ရေလက်ကြားမှာ ကာတာနဲ့ ဆက်စပ်နေတဲ့ ရေနံသင်္ဘောနဲ့ ကုန်သေတ္တာတင်သင်္ဘော တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒီသီတင်းပတ်ကုန်ပိုင်းမှာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီနောက် ဇွန် ၂၈ ရက်နေ့မှာတော့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို အီရန်က ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
“ကျုပ်တို့ ဆင်ဆင်ခြင်ခြင် မလုပ်နိုင်တော့တဲ့ အခြေအနေ ရောက်လာနိုင်ပါတယ်။ အောင်အောင်မြင်မြင် စတင်ခဲ့တဲ့အလုပ်ကို စစ်ရေးအရပဲ ပြီးမြောက်အောင် လုပ်ရတာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီလိုသာဖြစ်လာရင် အီရန်အစ္စလာမ္မစ်သမ္မနိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
တဖက်မှာလည်း အစ္စရေးက လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို အရှေ့အလယ်ပိုင်းဒေသက တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်တင်ပို့မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှု နှေးကွေးသွားပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်တက်လာပါတယ်။
လတ်တလောမှာတော့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားပြီး ကုန်သင်္ဘောတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားပေမဲ့ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။










