DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ပထမဆုံး ဇီဝအ၀န်းနယ်မြေအဖြစ် အင်းလေးကန်ကို သတ်မှတ်
DVB
·
June 10, 2015
မြန်မာ့ ပထမဆုံး ဇီဝအ၀န်းနယ်မြေအဖြစ် အင်းလေးကန်ကို သတ်မှတ်
Donate to DVB

အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဇီဝအ၀န်းနယ်မြေ (Biosphere Reserve)အဖြစ် သတ်မှတ်ကြောင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ဌာနချုပ်မှာ ဇွန် ၉ ရက်နေ့ အစည်းအဝေးက ဆုံးဖြတ်ပါတယ်။

၂၇ ကြိမ်မြောက် the Man and the Biosphere (MAB) International Coordinating Council (ICC) meetings (လူသားနဲ့ ဇီဝအ၀န်းနယ်မြေ နိုင်ငံတကာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ အစည်းအဝေးတွေ)မှာ သဘောတူခဲ့တာဖြစ်တယ်လို့  ယူနက်စကိုက ထုတ်ပြန်ပါတယ်။

ဒါကြောင့် အင်းလေးကန်ဟာ အခုဆိုရင် ယူနက်စကိုရဲ့ MAB ပရိုဂရမ်အောက်က ကမ္ဘာ့ ဇီဝအ၀န်းကြိုးဝိုင်းကွန်ရက်နဲ့ ချိတ်ဆက်သွားပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ယူနက်စကို ပြောခွင့်ရသူ Sriharsha Masabathula က “အကျိုးအမြတ်ကတော့ ဒေသခံလူထုကို ပိုမိုကျယ်ပြန့်တဲ့ အသိပညာပေးမှုနဲ့အတူ ပိုမိုပါဝင်ပတ်သက်စေပြီး ယုံကြည်မှုဆီကို ခေါ်ဆောင်သွားဖို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုတွေကို ရေရှည်တည်တံ့ တိုးတက်စေဖို့ စိတ်ကူးစိတ်သန်းဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ယူနက်စကိုရဲ့ ဇီဝအဝန်းနယ်မြေ သတ်မှတ်နိုင်ပြီဖြစ်လို့ နိုင်ငံတကာ အသိအမှတ်ပြု နေရာ စာရင်းဝင်လာတဲ့ အင်းလေးကန်ကို  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုလုပ် ဆောင် လာနိုင်တော့မှာဖြစ်ပါတယ်။

အင်းလေးကန် ဇီဝအ၀န်းကြိုးဝိုင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်မှာ တည်ရှိပြီး ဟက်တာပေါင်း  (၄၈၉ ၇၂၁) ရှိပါတယ်။

အင်းလေးကန်ဟာ ဂေဟစနစ်အရေးပါသာမကဘဲ ရေပေါ်ကျွန်းတွေပေါ်က စိုက်ပျိုးရေးလို ဒေသခံတွေရဲ့လူနေမှုပုံစံကို သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်စေခြင်းဟာ လည်း ထူးခြားပါတယ်။

အင်းလေးကန်နဲ့ သူ့ရဲ့ ရေစီးရေလာဟာ ဒေသခံတွေအပေါ် ဂေဟစနစ်ဝန်ဆောင်မှုတွေ၊ ရေသန့် လေသန့် ရရှိမှု အေးမြတဲ့ရာသီဥတုနဲ့ ငါးသိုလှောင်ရရှိမှုနဲ့ တခြားအရင်းအမြစ်တွေကို ထောက်ပံ့တယ်လို့ ဆိုပါတယ်။

အင်းလေးဒေသကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဇီဝအ၀န်းကြိုးဝိုင်းအဖြစ် သတ်မှတ်နိုင်ရေး အတွက် ယူနက်စကိုဟာ နော်ဝေအစိုးရရဲ့ ရက်ရောတဲ့ထောက်ပံ့မှုတွေနဲ့ မြန်မာအစိုးရကို နည်းပညာထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့သလို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ယူအင်ဒီပီတို့နဲ့  နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်နေပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ မြန်မာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက အကြီးတန်းအရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးကို နိုင်ငံပေါင်း ၁၉ နိုင်ငံက အဆိုပြုလွှာ ၂၆ ခု တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းမြို့နယ်အတွင်းက   အင်းတော်ကြီးဒေသ ကိုလည်း လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် အဆိုပြု တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ယူနက်စကိုရဲ့ လူသားနဲ့ ဇီဝအ၀န်းနယ်မြေ အစီအစဉ်ကို ၁၉၇၁ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုနဲ့ ဂေဟစနစ်တွေကို စီမံခန့်ခွဲဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေကို မြှင့်တင်နိုင်စေဖို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013