
ယီမင်နိုင်ငံက ဟူသီအဖွဲ့က ဧပြီ ၆ ရက်မှာ အီရန်နဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတို့နဲ့ ပူးတွဲပြီး အစ္စရေးအပေါ် စစ်ရေးစစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့တယ်လို့ ပြောပါတယ်။
ဟူသီတပ်တွေက အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတို့နဲ့အတူ အစ္စရေးအပေါ် စစ်ဆင်ရေး စခဲ့တာလို့ ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေဆီက အတည်ပြုချက် ချက်ချင်း မရသေးပါဘူး။
အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဆက်မြင့်တက်နေချိန်မှာ အီရန်၊ အီရတ်၊ လက်ဘနွန်နဲ့ ပါလက်စတိုင်း တို့အပါအဝင် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေကို ထောက်ခံတဲ့အနေနဲ့ ဟူသီတွေက မတ် ၂၈ ရက်ကစပြီး အစ္စရေးအပေါ် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်နှောင်းပိုင်းကစပြီး ဆာနာမြို့တော်နဲ့ မြောက်ပိုင်းယီမင်ဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ၁၂ ရက်ကြာ ပဋိပက္ခအတွင်း အီရန်ကို အရင်က ထောက်ခံခဲ့ဖူးပါတယ်။










