
မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို တရားမဝင် မှောင်ခိုသွင်းမှုနဲ့ ရိုဟင်ဂျာအမျိုးသားတယောက်အပါအဝင် အမျိုးသား ၂ ယောက်ကို ကီမာမန်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တဲ့အကြောင်း The Sun Malaysia သတင်းမှာ ဇူလိုင် ၁၄ ရက် က ဖော်ပြပါတယ်။
အသက် ၃၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား မိုဟာမက် အစ္စမေးလ် မိုဟာမက်ဆစ်ဒစ်နဲ့ ၄၁ နှစ်အရွယ် မလေးရှားဒေသခံအမျိုးသား နူးရ်အက်ဖန်ဒီ ယူဆွတ်တို့ဟာ တရားသူကြီးရှေ့မှောက်မှာ ဖတ်ကြားပြသတဲ့ စွဲချက်တွေကို နားလည်သဘောပေါက်ကြောင်း ပြောပါတယ်။
ဒီပြစ်မှုဟာ အထက်တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ရှိတာကြောင့် တရားရုံး ပထမအဆင့်မှာတော့ ဝန်ခံထွက်ဆိုချက် တစုံတရာ မှတ်တမ်းတင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ ဧပြီ ၂၄ ရက်မနက် ၁၁ နာရီခွဲလောက်က ကွာလာလမ်ပူမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အရှေ့ဘက်ကမ်းခြေအမြန်လမ်း ၂ ရဲ့ လမ်းဘေးတနေရာမှာ အသက် ၂၀ ကျော်အရွယ် မြန်မာအမျိုးသားတယောက်ကို မှောင်ခိုသွင်းယူခဲ့ကြတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူတို့ကို ၂၀၀၇ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုသွင်းမှု တားဆီးကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၆ (က) နဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ နဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
တရားရုံးက သူတို့ကို အာမခံပေးဖို့ ငြင်းပယ်ခဲ့ပြီး အမှုနဲ့ပတ်သက်လို့ ထပ်မံကြားနာစစ်ဆေးဖို့အတွက် ဩဂုတ် ၁၈ ရက်နေ့ကို ပြန်လည်ရက်ချိန်းပေးထားပါတယ်။
ဒီအမှုမှာ တရားလိုဘက်က ဒုတိယပြည်သူ့ရှေ့နေ အာမက် ဟာဖီဇူဒင်နဲ့ နိုရာဒီလာ အဗ္ဗဒူလာတစ်ဖ်တို့က လိုက်ပါဆောင်ရွက်ခဲ့ပြီး စွပ်စွဲခံရသူ ၂ ယောက်စလုံးဘက်ကတော့ လိုက်ပါဆောင်ရွက်ပေးမဲ့ ရှေ့နေ မရှိသေးဘူးလို့ သိရပါတယ်။










