DVB Logo
Home
Lead Story
ဤခရီး နီးသလား... (ဆောင်းပါး)
DVB
·
June 10, 2015
ဤခရီး နီးသလား... (ဆောင်းပါး)
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်ပြည်ခရီးစဉ်ဟာ ဇွန် ၁ဝ ကနေ ၁၄ ရက်အထိ၊ ၅ ရက် ကြာပါမယ်။ တရုတ်ကွန်မြူနစ်ပါတီကနေ ဖိတ်ကြားတာ ဖြစ်ပါတယ်။ ပါတီချင်း ဆက်ဆံရေးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။ ဒီလို ဖိတ်တယ် ဆိုတာ သံတမန်ရေး (ပရိုတိုကောလ်)အရ ဖြစ်ပါတယ်။ ဒေါ်စု အိန္ဒိယကို လာလည်တုန်းကလည်း ကွန်ဂရက်ပါတီဥက္ကဋ္ဌ (ဆိုနီယာဂန္ဒီ)ကနေ ဖိတ်ကြားတာဖြစ်ပြီး အိန္ဒိယအစိုးရက အစစ အကုန်လုပ်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်စု တရုတ်ပြည်ကို သွားရင် အရေးပါတယ်။ မသွားရလည်း အရေးပါတယ်လို့ လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက ဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုကို တရုတ်ကနေ ကြိုဆိုသင့်တဲ့ အချက် ၃ ချက် ရှိပါတယ်။

ပထမအချက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်တိုးပြီး ဆက်သွယ်မှုဟာ တရုတ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတာနဲ့ ပွင့်လင်းမှု ရှိတာကို ပြရာကျတယ်။ တရုတ် ၁၈ ကြိမ်မြောက် ကွန်ဂရက်မှာ ပြောခဲ့တာက တရုတ်အနေနဲ့ လမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိတယ် ဆိုတာကို ပြဖို့လိုတယ်။ သံတမန်ရေးနယ်ပယ်မှာ တရုတ်ရဲ့ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေဟာ နှစ် ၃ဝ ကြာ ပြည့်ဝလာနေပါပြီ ဖြစ်လို့ သံတမန်ရေးအရ ပြည့်ဝမှုကို ထုတ်ဖော်ပြသဖို့ လုံလောက်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးမှုအနေအထားကို ရင်ဆိုင်ပြီး တရုတ်အနေနဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ ပြုသာပြင်သာမှုရှိဖို့နဲ့ သက်ဝင်နေရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုးပြီးဆက်သွယ်မှုကနေ တရုတ်ဟာ နိုင်ငံတကာ ပင်မရေစီးနဲ့ ပေါင်းစပ်လို့ မရသေးတဲ့ ကျရှုံးနေတဲ့နိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့အဆင့်သာ ရှိတယ်လို့ အနောက်နိုင်ငံတွေက မြင်ထားတာကို အားနည်းသွားစေမှာလည်း ဖြစ်ပါတယ်။ တရုတ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံလိုက်တာနဲ့ တရုတ်ကို ဘီလူးသဘက်လို မြင်တတ်တဲ့ အနောက်တိုင်းမီဒီယာမှာလည်း စကားပြောမထွက်အောင် ဖြစ်သွားစေနိုင်ပါသေးတယ်။ တချိန်တည်းမှာ ဒေသတွင်း နိုင်ငံတွေကနေ တရုတ်ရဲ့ အရှေ့တောင်အာရှပေါ်လစီဟာ ပွင့်လင်းမှုနဲ့ ပါဝင်နိုင်စွမ်းပါရှိတယ်လို့ မြင်လာစေပါဦးမယ်။ အဲဒီလိုကနေ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးမှာ တရုတ်အတွက် ပုံလွှာသစ် ဖြစ်လာစေပါမယ်။

ဒုတိယအချက် ဒေါ်စုနဲ့ ဆက်ဆံရေးကနေ တရုတ်ရဲ့ မြန်မာပြည်ထဲက အကျိုးစီးပွားတွေကိုလည်း ပိုပြီးကောင်းစေနိုင်ပါတယ်။ ငြင်းခုန်မှုတွေ ရှိပါတယ်။ တရုတ်ဟာ လက်ရှိ ပေါ်လစီအတိုင်းပဲ သူတပါး ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ဘဲနဲ့ အုပ်ချုပ်နေသူ တွေကို တဖက်သတ် ဆက်ဆံဖို့သာ လုပ်သင့်တယ်လို့။ ဒါပေမယ့် အမျိုးသားအကျိုးစီးပွားဟာ ပေါ့သေးသေး မဟုတ်ပါ။ ကနေ့မြန်မာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလို ပြုပြင်ပြောင်းလဲဖို့ကို ကြောက်မနေတော့ပါ။ မြန်မာဟာ နိုင်ငံတကာဒဏ်ခတ်အရေးယူမှုတွေနဲ့လည်း မလူးသာ မလွန့်သာ အခြေအနေမှာ မရှိတော့ပါ။ အဲသည်တုန်းကတော့ တရုတ်ကိုသာ သံတမန်ရေးအရ ဆက်ဆံစရာ ရှိခဲ့တာပါ။ ၂ဝ၁၁ ခုနှစ်တုန်းက မြန်မာဟာ လူထုသဘောထားအမြင်ကပ်ကိုသုံးပြီး တရုတ်ရဲ့ ရေအားလျှပ်စစ်ပါဝါ ပရောဂျက်ကို ရပ်နားလိုက်ခဲ့ပါတယ်။ ကနေ့တော့ သံတမန်ရေးကပ်ကို သုံးနေပါပြီ။ အဲဒါက အနောက်ကမ္ဘာရဲ့ ချီးမြှောက်မှုနဲ့ အာရုံစိုက်မှုကို ရချင်လို့ဖြစ်ပါတယ်။

မြန်မာရဲ့ ပြုပြင်ပြောင်းလဲမှုဟာ နောက်ကြောင်းပြန်စရာ မရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံအင်အားစုမှာ အာဏာရဖို့ဆိုတာ အချိန်စကားသာ ပြောစရာ ရှိပါတယ်။ အတိုက်အခံနဲ့ ဆက်ဆံရေးကို စောစောထူထောင်ထားခြင်းအားဖြင့် တရုတ်အဖို့ ယုံကြည်မှု အခြေခံအုတ်မြစ်ကို စောစောစီးစီး ချထားနိုင်ပါလိမ့်မယ်။ အဲဒါဟာ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နောက်အလွှာတလွှာ တိုးရာကျပါမယ်။

တတိယအချက် ဒေါ်စုဆီကို လက်ဆန့်တန်းခြင်းအားဖြင့် တရုတ်နေနဲ့ အနောက်နိုင်ငံတွေနဲ့ ပိုပြီး ယှဉ်ပြီး အနိုင်ရစေမှာလည်း ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာပြည်ဟာ ပွင့်လာပါပြီလို့သာ ပြောရပါမယ်။ အနောက်တိုင်းခေါင်းဆောင်တွေ အရင်က တံခါးပိတ်ထားခဲ့တဲ့ မြန်မာပြည်ကို ပထမဆုံးအကြိမ်အနေနဲ့ ထိပ်တန်းခေါင်းဆောင်တွေ လာတွေ့နိုင်လာကြပြီ ဖြစ်ပါတယ်။ သူတို့ကို အာဏာရှင်တွေလို့ သတ်မှတ်ထားခဲ့တာ မဟုတ်ပါလား။ အနောက်နိုင်ငံတွေကနေ မြန်မာရဲ့ လက်ရှိအစိုးရနဲ့ တံတားကူးဆက်နိုင်လာပြီဆိုရင် တရုတ်အနေနဲ့ကော ဘာလို့ ဒေါ်စုနဲ့ ဆက်ဆံရေးမှာ သောကများနေစရာ လိုတော့ပါသလဲ။ တရုတ်အနေနဲ့ ဒေါ်စုနဲ့ သူမရဲ့ပါတီကို အသုံးတည့်သူအဖြစ် စဉ်းစားလာဖို့သာ ရှိပါတယ်။

တချိန်တည်းမှာ တရုတ်ဟာ ဒေါ်စုနဲ့ဆက်သွယ်ရေးကို တိုးမြှင့်အားကောင်းလာတာနဲ့အမျှ လက်ရှိအစိုးရကို သတိပေးနေတာကတော့ ပြုပြင်ပြောင်းလဲပါ၊ ဖွင့်ပေးပါ၊ အထူးသဖြင့် မြန်မာနဲ့ အနောက်နိုင်ငံတွေ နီးစပ်မှုကနေ တရုတ်ရဲ့ မြန်မာပြည်မှာရှိတဲ့ အကျိုးစီးပွားတွေကို ထိခိုက်မှု မဖြစ်စေပါနဲ့။ အဲလိုသာမဟုတ်ရင် တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူ့ရဲ့ ပြင်ဆင်ထားခြင်းရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသဖို့ဖြစ်ပါတယ်။

အမှန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဆန့်ကျင်ရေးသမား မဟုတ်သလို အလွန်အန္တရာယ်ရှိသူလည်း မဟုတ်ပါ။ သူမဟာ အနောက်နိုင်ငံတွေရဲ့ သဘာဝ မဟာမိတ်လို့တောင် ပြောမရပါ။ သူလိုအပ်တာ၊ ဆက်လုပ်နေတာနဲ့ လုပ်ပြီးခဲ့တာတွေဆိုတာ သူ့ဘဝတလျှောက်မှာ ပုံမှန် သာမန် ပြည်သူတယောက်လိုပဲ အခြေခံကျတဲ့ လိုအပ်ချက်တွေသာ ဖြစ်ပါတယ်။ သူတကယ်လိုချင်နေတာကတော့ သူ့ရဲ့ ဖခင်လည်းဖြစ်တဲ့ တိုင်းပြည်ဖခင်က မြင်ချင်လှတဲ့ လူသားဆန်တဲ့ စံနမူနာကောင်းတွေကို မျက်ဝါးထင်ထင် ဖြစ်ချင်တာသာ ဖြစ်ပါတယ်။ အဆင့်တဆင့်ကို ပြောရရင်လည်း ဒေါ်စုဟာ တရုတ်အစိုးရ လုပ်နေတာကို ထင်ဟပ်နေသလိုပါပဲ။ နှစ်ဦးနှစ်ဖက် ပူးတွဲလုပ်ဆောင်ဖို့ရာ အကျိုးတူစီးပွား ဖြစ်ပါတယ်။

တကယ်လို့ တရုတ်ဟာ မိုင်ထောင်ချီဝေးတဲ့ ဆီးရီးယား အတိုက်အခံတွေဆီကို လက်ကမ်းနိုင်တယ်ဆိုရင် အိမ်နီးချင်းတိုင်းပြည်က အတိုက်အခံပါတီကို မျက်ကွယ်ပြုထားစရာ အကြောင်းမရှိပါ။ အဲဒါဟာ တရုတ်ဘေးပတ်လည် လုံခြုံရေးအတွက်ပါ သက်ရောက်စေပါလိမ့်မယ်။ ဒေါ်စုနဲ့ ဆက်ဆံရေး ပိုကောင်းအောင်လုပ်ခြင်းဟာ တရုတ်အဖို့ မြန်မာပြည်က အကျိုးစီးပွားတွေ ထိန်းထားနိုင်ပါမယ်။ ဒေါ်စုနဲ့ဆက်ဆံရေး တိုးတက်အောင် လုပ်ခြင်းနဲ့သာ တရုတ်ရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ တည်ငြိမ်ပြီး ပုံမှန်ဖြစ်နေပါမယ်။

တရုတ်ပြည်ဟာ မြန်မာ့ရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ အင်အားကြီးနိုင်ငံတခုဖြစ်တယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးရာတွေမှာ အလွန်အရေးပါတဲ့ ဆက်ဆံရေးတွေ ရှိနေတယ်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းတော့ စစ်အစိုးရကို အသက်ဆက်ပေး၊ အားကောင်းမောင်းသန်လာအောင် လုပ်ပေးခဲ့တာကလည်း တရုတ် ဖြစ်တယ်။ တရုတ်အတွက်လည်း အကျိုးစီးပွား အတော်ကြီး ဖြစ်ထွန်းစေခဲ့တယ်။ စစ်အစိုးရကို ကုလလုံခြုံရေး ကောင်စီကနေ ထိုင်ပြီး ခုခံကာကွယ် ရပ်ခံပေးခဲ့တယ်။ အပြန်အလှန်အားဖြင့် မြန်မာပြည်က သယံဇာတရင်းမြစ်တွေ လိုချင်သလောက် သိမ်းပိုက်ခွင့်ပေါင်း မြောက်မြားစွာ တရုတ်က ရသွားတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်လာပြီးကတည်းက အနောက်ဘက်တံခါးပါ ပွင့်လာချိန်မှာ ချိန်ခွင်လျှာ ညှိတာတွေ ဖြစ်လာပြီး နောက်ပိုင်းမှာ တရုတ်အတွက် အဆင်မချောတာတွေ ဖြစ်လာတယ်။ မြစ်ဆုံရေကာတာအရေး တန့်သွားစေတာ တရုတ်အထိနာတယ်။ လူထုလှုပ်ရှားမှုနောက်မှာ အမေရိကန်ပါသလား၊ တရုတ်က သံသယရှိတယ်။

မြန်မာအစိုးရကိုယ်တိုင်က အနောက်ဘက်ကို ပိုယိမ်းချင်လာတယ်။ တန်ပြန်တဲ့အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာ ပြင်းထန်ရှည်ကြာတဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ အမေရိကန်ကို တွဲချင်တာ သူတို့ချည်း မရနိုင်မှန်း သိလို့ ငွေပေးပြီး ပွဲစားငှားတာအထိ လုပ်လာတယ်။ ဆက်ပြီး တရုတ်က ဒေါ်စုကို လာလည်ဖို့ ဖိတ်လိုက်ပါပြီ။ တရုတ်အစိုးရဟာ နဝတစစ်အစိုးရလက်ထက် နောက်ပိုင်းကတည်းက အတိုက်အခံလို့ ပြောကြတဲ့ ဒီမိုကရေစီအင်အားစုနဲ့ အဆင့်တချို့မှာ ဆက်ဆံရေး လုပ်လာပါတယ်။ မေးသင့်တဲ့လူဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ရဲ့ လူလားဆိုတဲ့ အမေးကို အမြဲမေးပါတယ်။ အဲလိုနဲ့ တရုတ်က ဖိတ်စာပို့တာ နောက်ကျခဲ့တယ်လို့ ထင်ပါတယ်။

ဒေါ်စု တရုတ်ပြည်ကို ဘယ်တော့သွားမလဲ တကမ္ဘာလုံးက စောင့်ကြည့်နေခဲ့တာ ကြာပြီ။ ကျေနာ် ဒေလီမှာ နေစဉ်က တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကိုသွားရင် တရုတ်တက္ကသိုလ်မှာ မိန့်ခွန်းပြောသင့်တယ်လို့ အကြံပြုခဲ့တာကို အမှတ်ရမိပါတယ်။ အိုဘားမားလည်း ရန်ကုန်တက္ကသိုလ်မှာ မင်္ဂလာပါမြန်မာ လုပ်သွားသေးတယ် မဟုတ်ပါလား။ ဤခရီး မဝေးပါ။ သို့သော် စိတ်သွားတိုင်းကိုယ်ပါဖို့တော့ လိုပါသည်။
ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013