DVB Logo
Home
Lead Story
ရွှေတံဆိပ်ရမှ အောင်မြင်ပြီလို့ ပြောရမှာ - ဦးခင်မောင်ထွေး
DVB
·
June 10, 2015
ရွှေတံဆိပ်ရမှ အောင်မြင်ပြီလို့ ပြောရမှာ - ဦးခင်မောင်ထွေး
Donate to DVB

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းဟာ ဒီနေ့ညပိုင်းမှာ အုပ်စုတွင်း နောက်ဆုံးပွဲစဉ် အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲကစား ၃ ပွဲ အနိုင်ရထားပြီး အုပ်စုတက်ဖို့ သေချာနေတဲ့အသင်းဖြစ်ပြီး ကမ္ဘောဒီးယားအသင်းကတော့ အနိုင် ၁ ပွဲသာ ရထားပြီး အုပ်စုတက်ဖို့ အခွင့်အရေး နည်းနေပြီ ဖြစ်ပါတယ်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ ဒီနေ့ ကစားမယ့် မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းကို သက်တောင့်သက်သာနဲ့ပဲ အ နိုင်ရသွားနိုင် တယ်လို့ ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ ၂၃ အသင်းက ကစားသမားတွေ တချို့ပွဲတွေမှာ ပေါ့ပေါ့ဆဆ ကစားတာမျိုး တွေ့နေရပြီး ဒီလိုမျိုး အရေးကြီးတဲ့ပွဲတွေမှာ သွားလုပ်ရင် ရှုံးသွားနိုင်တယ်လို့လည်း ဦးခင်မောင်ထွေးက သတိပေး ပြောပါတယ်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီနေ့ မြန်မာနဲ့ ကမ္ဘောဒီးယားကန်မယ့်ပွဲအပေါ် အရင် သုံးသပ်ပေးပါ။

“ကျနော်တို့ နိုင်မှာပါ၊ နိုင်မှာပါဆိုတာက ကျနော်တို့က စိတ်အေးလက်အေး ကစားရပြီလေ၊ အကြိုဗိုလ်လုပွဲက တက်ပြီးနေပြီ၊ မြန်မာအသင်းအတွက် အခက်အခဲ မရှိတဲ့ ပွဲပဲ၊ ကမ္ဘောဒီးယား ဒီလောက် မကောင်းပါဘူး၊ ကျနော်တို့ နိုင်ခဲ့တဲ့ အင်ဒိုနီးရှားတို့ စင်ကာပူတို့ကို ဂိုးပြတ် ရှုံးထားတဲ့အသင်းပါ။”

မြန်မာအသင်းကစားခဲ့တဲ့ ၃ ပွဲမှာ ဘယ်နေရာမှာ အားနည်းချက်တွေ တွေ့ခဲ့ရလဲ။

“အဓိက အားနည်းချက်က တခါတလေ ကလေးတွေ ကစားပုံက ပျက်တီျးပျက်ချော် ကစားပုံဗျ။ ဆိုကြပါစို့ဗျာ၊ ဖိလစ်ပိုင်နဲ့ပွဲမှာ ကျနော်တို့က ဂိုး စပေးလိုက်ရပြီး နောက်မှ လိုက်သွင်းရတာလေ။ အကြိုဗိုလ်လုပွဲမှာသာ ဒီလို ဂိုးပေးလိုက်ရရင် နောက်က လိုက်ဖို့ ခက်မယ်လေ၊ အင်ဒိုနီးရှားနဲ့ စင်ကာပူပွဲ ကစားသလို ကစားမယ်ဆိုရင် ပြောစရာ သိပ်မရှိဘူး။ တခါတလေ လူပေးတာ မှားတာတို့ ဟိုတနေ့ကဆို လက်ပစ်ဘော ၂ ကြိမ်တိုင်တိုင် မှားတယ်ဆိုတာကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ ဘောလုံးပွဲမှာ လက်ပစ်ဘောက မှားဖို့ မသင့်ဘူးလေ၊ အသေးအဖွဲလေးတွေပါပဲ။”

သူ့အသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကလည်း ပြောတယ်။ အင်ဒိုနဲ့ စင်ကာပူပွဲ ကစားပုံမျိုးထက် ပေါ့လျော့ပြီး ကစားလို့ မရဘူးတဲ့။ အဲ့ဒီတော့ အန်ကယ်ပြောသလို ပေါ့တာ ဘာကြောင့်လို့ အန်ကယ်ထင်လဲဗျ။

“ဗမာဘောလုံးသမားလေးတွေမှာ ပါလာတဲ့ အကျင့်ဆိုးလေးတွေပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို နိုင်ရင် တက်ထောင်တာတို့ ဆောင့်ကြွားကြွား လုပ်တာတို့ ဆိုတဲ့အဆင့် ရောက်ရောက်သွားတယ်ဗျ။ အမှန်က မိနစ် ၉၀ ပြည့်မှ အရှုံးအနိုင်က အတည်ဖြစ်တာ။ ကလေးတွေက အဲဒီလို မဟုတ်ဘဲ နိုင်ပါတယ်ကွာဆိုတဲ့ စိတ်ဓာတ်မျိုး ရှိတယ်။ နိုင်ပါတယ်ကွာဆိုပြီး သွားလုပ်လို့ မရဘူး။ နိုင်အောင် ကစားမယ်ကွာ လုပ်မှ ရမယ်။ ဖိလစ်ပိုင်ကို နောက်က လိုက်ကစားလို့ ရတယ်။ ထိုင်းတို့ ဗီယက်နမ်တို့ ရှုံးလို့ ကိုယ်က နောက်က လိုက်ကစားရင် ခက်လိမ့်မယ်။ စကထဲက ကိုယ်က ပိုင်ပိုင်နိုင်နိုင် စီးစီးပိုးပိုးနဲ့ ကစားထားနိုင်မှ၊ တခုတော့ ရှိတယ်။ ဒီ ယူ ၂၃ အသင်းမှာ ချီးကျုးစရာကောင်းတာက ဂိုးသွင်းတဲ့နေရာမှာ ငါချည်းသွင်းမယ်ဆိုတဲ့သူမျိုး မရှိဘူး။ ဖိလစ်ပိုင်နဲ့ပွဲမှာဆိုရင် ၅ ယောက်က တယောက်တဂိုးစီ သွင်းသွားတယ်။ အဲဒီ စိတ်ဓာတ်လေးကတော့ ကောင်းတယ်။ ဂိုးသွင်းနိုင်တဲ့သူ ဂိုးသွင်း နိုင်အောင် ဖန်တီးပေးတာတို့ဘာတို့ ကောင်းတယ်။အဲလိုမျိုး ဆက်ကစားဖို့ လိုတယ်။”

ဒီပြိုင်ပွဲမှာ ယူ ၂၃ ကို ဘယ်လောက်ထိ မှန်းလဲ။

“ဆီးမီးဖိုင်နယ်မှာ နိုင်ရင် ရွှေ ရမယ်ဗျာ၊ ဆီးမီးဖိုင်နယ် နိုင်အောင် ကျနော်တို့ ကြိုးစားရမယ်၊ ထိုင်းကို ခြေစမ်းပွဲမှာ ဂိုးပြတ် ရှုံးထားတာ ရျိတယ်။ ဒါပေမယ့် ယူ ၂၃ က အသက်ကန့်သတ်ချက် ရှိတယ်။ ဒီတော့ သူလည်း ဒီလူပဲ ကိုယ်လည်း ဒီလူပဲ၊ ဘာပဲပြောပြော အားကစားဆိုတာ တခါတလေတော့လည်း ကံကြမ္မာကြောင့် ကိုယ့်ဘက်ပါတာမျိုးလည်း ရှိတာပေါ့နော်။ ဒိုင်လူကြီးကများ ကိုယ့်ဘက် လိုက်မလား၊ ပယ်နယ်တီများ ရမလား စသဖြင့်ပေါ့။ ရှုံးချင်ရင်တော့ ပယ်နယ်တီ ပေးလိုက်ရတာပေါ့။ အနီကတ်ပြပြီး အထုတ်ခံလိုက်ရတာတို့၊ အရေးကြီးဆုံးကတော့ ဆီးမီးဖိုင်နယ်နိုင်ပြီး ဗိုလ်လုပွဲ ရောက်ဖို့ လိုတယ်။”

ကံကြမ္မာက မြန်မာအသင်းဘက် ပေးလာပြီလို့ရော မြင်ရလား။

“နည်းနည်းလေး ယောင်ယောင်လေး ရေးရေးလေးပါဗျာ။ ရေးရေးလေးပါဗျာလို့ ပြောရတာက စင်ကာပူတို့ အင်ဒိုနီးရှားတို့က မထင်မှတ်လောက်အောင် ညံ့သွားတာ တွေ့ရတာကိုး။ ဘာပဲပြောပြော တက်ယောင်တော့ ပြပြီပေါ့နော်။ ဒါကြီးကို အောင်မြင်ပြီ အောင်နိုင်ပြီလို့ မြင်ရင်တော့ မှားလိမ့်မယ်။ မအောင်မြင်သေးဘူးလေ။ နောက် ကျနော်တို့က ဆီးဂိမ်းမှာ ရွှေတံဆိပ် လုံးဝ မရဖူးသေးဘူး။ ရွှေတံဆိပ်ရမှ အောင်မြင်ပြီလို့ ပြောရမှာပေါ့။ အကြိုဗိုလ်လုပွဲက ခဏခဏ ရောက်တာပဲ၊ ဒီတကြိမ်နဲ့ဆို တတိယအကြိမ် ရောက်တာ ဖြစ်မယ်။ ဗိုလ်လုပွဲရောက်ရင်လည်း တတိယအကြိမ် ရောက်တာ ဖြစ်မယ်။ ရွှေတံဆိပ်ရမှ ကျနော်တို့ အသင်းက အောင်မြင်မှုလမ်းစဆီပေါ် ပြန်ရောက်ပြီလို့ ပြောလို့ ရမယ်၊ ဒါကြီးကို အောင်ပြီဟေ့၊ မြန်မာဘောလုံးအသင်း တိုးတက်ပြီဟေ့လို့ သွားကြွေးကြော်ရင် မှားလိမ့်မယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013