DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တပြည်လုံးအပစ်ရပ်စာချုပ်(မူကြမ်း)ကို ထပ်မံအတည်ပြု
DVB
·
June 9, 2015
တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တပြည်လုံးအပစ်ရပ်စာချုပ်(မူကြမ်း)ကို ထပ်မံအတည်ပြု
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက ရရှိခဲ့တဲ့ ‘တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (အတည်ပြုမူကြမ်း)’ကို ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့အတူ ထပ်မံအတည်ပြု ခဲ့ကြောင်း ပူးတွဲကြေညာပါတယ်။

ဒီစာချုပ် (မူကြမ်း)ကို ပြင်စရာမရှိတော့ပါလို့ အစိုးရဘက်က ထုတ်ပြောထားတာကြောင့် ပြင်ဆင်ဖြည့်စွက်ချက်တွေကို နှစ်ဘက်ဆွေးနွေးရဖို့ရှိပြီး သဘောတူညီမှုရရင် စာချုပ်လက်မှတ်ရေးထိုးရေး လမ်းပွင့်မှာဖြစ်ပါတယ်။

ဒီမူကြမ်းကို အခြေခံပြီး အစိုးရနဲ့ အပြီးသတ်ညှိနှိုင်းဖို့ လိုတဲ့အချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင် ၁၅ ဦးနဲ့ ‘တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့’ကို အစည်းအဝေးမှာ ထပ်မံဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

အဲဒီ အဖွဲ့သစ်ဟာ အစိုးရကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး တပြည်လုံး အပစ်ရပ်သဘောတူစာချုပ်ကို နှစ်ဖက်သဘောတူညီမှုရတဲ့အထိ ပြီးမြောက်အောင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံးက နော်စီဖိုးရာစိန် တာဝန်ယူမှာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့က ဒေါက်တာ လားဂျာက ဒုခေါင်းဆောင် ၁၊ ချင်းအမျိုးသားတပ်ဦးက ပူးဇင်ကျုံးက ဒုခေါင်းဆောင် ၂ အဖြစ် အသီးသီးတာဝန်ယူကြမှာပါ။

ပဒိုမူစီဖိုးရာစိန်က “အန်စီအေ (မူကြမ်း)ကို အစည်းအဝေးမှာ ပြန်သုံးသပ်တယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပြီးတော့ ပြင်ဆင်တာရှိတယ်။ ပြင်ဆင်ချက်နဲ့၊ ဖြည့်စွက်ချက်နဲ့ အတူ ဒါကို အတည်ပြုတာဖြစ်တယ်” လို့ ပြောပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ အန်စီအေ မူကြမ်းရရှိသည်အထိ တနှစ်ခွဲကျော် ညှိနှိုင်းရေး ဆွဲခဲ့တဲ့ အန်စီစီတီအဖွဲ့ကိုတော့ ဖျက်သိမ်းခြင်းမရှိဘဲ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

နှစ်ဘက် အဆင့်မြင့်ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကနေတဆင့် အန်စီအေမှာ ပါဝင်လက်မှတ်ထိုးမယ့် အဖွဲ့အစည်းတွေစာရင်းကို ပြုစုရာမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှာ ချမှတ်ခဲ့တဲ့ လော်ခီးလာ “မူ” ကို ကိုးကားတဲ့အပြင် အန်စီအေကို လက်ခံတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး ပါဝင်လက်မှတ်ရေးထိုးရေးကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အစိုးရဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက အစိုးရဘက်က ၁၆ ဖွဲ့ကို အသိအမှတ်ပြုပြီး ရခိုင်၊ တအာင်းနဲ့ ကိုးကန့်အဖွဲ့တွေကို လက်မှတ်ရေးထိုးရေးမှာ အသိအမှတ်မပြုဘူးလို့ ပြောထားတာကြောင့် အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ဟာ ဒီကိစ္စကို ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုမူစီဖိုးရာစိန်က “ကျမတို့အမြင်ကတော့ ဒါက အစိုးရဘက်က မူဝါဒ ဖြစ်တာပေါ့လေ။ ဒါပေမယ့် ကျမတို့ဘက်ကလည်း ဟိုး လော်ခီးလာ တိုင်းရင်းသားညီလာခံကြီးက ဆုံးဖြတ်ခဲ့တဲ့ မူအပေါ်မှာ အခြေခံယူထားတာဖြစ်တယ်။ အဲဒါကတော့ အားလုံးပါဝင်ရေးပေါ့။ လော်ခီးလာကွန်ဖရင့်က ၂၀၁၄ ခုနှစ်ဇန်န၀ါရီလကပေါ့လေ ဆုံးဖြတ်ခဲ့တာ။ အားလုံးပါဝင်ရေး၊ အနည်းဆုံးကတော့ အန်စီစီတီ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အဖွဲ့တွေကို ပါဝင်ရမယ်လို့ဆုံးဖြတ်ပြီးသား မူတခုဖြစ်တယ်လို့ ပြောလို့ရတယ်။ ထပ်လောင်းပြီးတော့ အတည်ပြုတာပေါ့။ ပါဝင်မယ့်သူကို ဘယ်လိုပုံစံမျိုးလဲ၊ ကျမတို့ စံအတိုင်းပဲ ဒီအစည်းအဝေးကနေ ထပ်လောင်းအတည်ပြုတာပေါ့” လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကေအဲန်ယူ ဗဟိုဌာနချုပ်၊ ဘာအံခရိုင် လောခီးလာစခန်းမှာ ဇွန်လ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၇ ဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ လေ့လာသူ ၁၀၈ ဦး၊ တနိုင်ငံလုံး အပစ်အခတ်ရစ်စဲရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ၀င် ၁၁ ဦး၊ အန်စီစီတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ၅ ဦး၊ အထူးဖိတ်ကြားထားသူတွေနဲ့ ရုံးအဖွဲ့ဝင် စုစုပေါင်း ၁၉၀ ဦး တက်ရောက်ပါတယ်။

အထူးသဖြင့် ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar နဲ့ သူ့ရဲ့လက်ထောက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiaing နဲ့ အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ Mr. Yuji Muri တို့ တက်ရောက်ပါတယ်။

နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာမြင့်တဲ့ ပြည်တွင်းစစ်သမိုင်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) အဆင့်ကို ရရှိတဲ့အနက် အစိုးရဘက်ကတော့ ပြင်ဆင်စရာမရှိဘူးလို့ ပြောဆိုထားပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၆ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ဖို့ လိုလားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီဖြစ်ထွန်းမှုတွေနဲ့ တချိန်တည်းမှာ ပြည်တွင်းနိုင်ငံရေးပါတီတွေ ကလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်တဲ့အခါ ဆွေးနွေးနိုင်အောင် နိုင်ငံရေးမူဘောင်တွေ ကြိုတင်ရေးဆွဲ နေကြသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရွေးကောက်ပွဲကလည်း နီးကပ်လာနေပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခေါ်ယူထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဟာလည်း သင်္ကြန်မတိုင်ခင်က တကြိမ် တွေ့ဆုံခဲ့ပြီးနောက် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013