
ရန်ကုန်နဲ့ ဧရာဝတီတိုင်း ပုသိမ်ကို ပြေးဆွဲနေတဲ့ အဝေးပြေး မော်တော်ယာဉ်စီးခတွေ အဆမတန် ထိုးတက်လာလို့ ခရီးသွားတွေ အခက်ကြုံနေရပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်း ပုသိမ် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေရဲ့ ပုံမှန်ယာဉ်စီးခဈေးနှုန်းဟာ လူတယောက်စာ တခုံ ကျပ် ၁၂,၀၀၀ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်က စတင်ကာ လူတယောက် တခုံစာ ကျပ် ၂၅,၀၀၀ အထိ ဈေးနှုန်းခုန်တက်သွားတာလို့ သိရပါတယ်။
ပုသိမ်က ခရီးသည်တယောက်က “အရင်ကထက် လိုင်းကားစီးခတွေ အဆမတန် ထိုးတက်သွားတာ။ အခုတော့ တခုံစာတည်းကို ကျပ် ၂,၅၀၀၀ အထိ တက်သွားပြန်တယ်။ အခုဈေးက စားသောက်စရိတ်မပါ ကျပ် ၅၀,၀၀၀ လောက်ရှိမှ လှိုင်သာယာ အဝေးပြေး ရောက်မယ်။ ဒါတောင် လက်မှတ်တွေကို ကြိုတင်ဝယ်မှရတာ၊ အရင်လို လွယ်လွယ် လက်မှတ်မရဘူး” လို့ ပြောပါတယ်။
ပုသိမ်-ရန်ကုန် ယာဉ်စီးခဈေးတွေ တက်သွားတဲ့အပြင် ကားလက်မှတ် တစောင်ရဖို့ ၃ ရက် ဒါမှမဟုတ် ၅ ရက် ကြိုတင်ချိတ်ဆက် ဝယ်ယူနေရပြီး ပါဆယ်ပစ္စည်းတွေ သယ်ယူခွင့် မပေးဘူးလို့ ဆိုပါတယ်။
ပုသိမ်-ရန်ကုန် ယာဉ်လိုင်းတာဝန်ခံတယောက်က “အဝေးပြေးကားခတွေ တက်တက်လာရတဲ့ အဓိကအချက်က မတည်မငြိမ်ဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေနဲ့ ဆီ လိုသလောက်မရတာကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မူတည် ကောက်ယူနေရတာ။ တချို့အချက်တွေကျ လမ်းကြေး ဂိတ်ကြေးတွေမှာလည်း အရင်ကထက် ပိုမိုပေးဆောင်နေရတာကြောင့်ပါ” လို့ ပြောပါတယ်။
အခုလို ကားခဈေးတွေ ထိုးတက်နေတာဟာ အရင်လို ရန်ကုန်-ဧရာဝတီတိုင်း ညဆိုင်း ယာဉ်လိုင်းဆွဲမရဘဲ အချိန်အကန့်အသတ်နဲ့ ဆွဲနေရတာ၊ ပါဆယ်ပစ္စည်းတွေ တင်ဆောင်သယ်ယူခွင့် မရတာ၊ ယာဥ်အခေါက်ရေ လျှော့ချပြေးဆွဲရတာ စတဲ့အခြေအနေတွေကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
စစ်ကောင်စီက စက်သုံးဆီချွေတာရေးအမိန့်တွေ ထုတ်ပြန်ခဲ့ပြီးနောက် ဧရာဝတီတိုင်းထဲက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်နဲ့သာ ဝယ်ယူရောင်းချနေရတဲ့အထိ ဖြစ်နေတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်တဲ့အထိ ဖြစ်နေပြီး အခြေခံလူတန်းစားတွေ အားထားနေရတဲ့ လိုင်းကားစီးခတွေလည်း လိုက်ပါမြင့်တက်လာတာလို့ သိရပါတယ်။










