DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို ၀န်းရံသူတဦး သွေးအန်ပြီး အရေးပေါ်ဆေးရုံတင်
DVB
·
June 9, 2015
သပိတ်မှောက်ကျောင်းသားများကို ၀န်းရံသူတဦး သွေးအန်ပြီး အရေးပေါ်ဆေးရုံတင်
Donate to DVB

တရားစွဲခံနေရတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ ဇွန် ၉ ရက်က သာယာဝတီခရိုင် တရားရုံးမှာ ထပ်မံရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်လာရာမှာ ၀န်းရံပြည်သူတဦးဖြစ်တဲ့ မြောက်ဥက္ကလာပက ကိုခင်လှိုင် (၂၅) နှစ်ဟာ အချုပ်ကားပေါ်မှာပဲ သွေးအန်ခဲ့တဲ့အတွက် သာယာဝတီဆေးရုံကနေ တဆင့် ရန်ကုန်ဆေးရုံကို အရေးပေါ် လွှဲပြောင်းခဲ့ရတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“အချုပ်ကားနဲ့ ပါလာကတည်းက မူးပြီးလဲကျလို့ စွပ်စွဲခံရသူ ဦးခင်လှိုင်က သာယာဝတီဆေးရုံကို ရောက်သွားတယ်။ ကျနော်တို့ လိုက်သွားတဲ့အခါမှာ သူ့ရဲ့အခြေအနေက ချောင်းဆိုးရင် သွေးပါတယ်။ အန်ရင် သွေးပါတယ်။ ၀ဲဘက်ရင်အုံက ယောင်ကိုင်းနေတယ်။ နောက် နံရိုးတွေက အောင့်နေတယ်။ အသက်ရှူမ၀ဘူး။ မူးနေတယ်။ သွေးပေါင်ချိန်က အတက်အကျ မမှန်ကန်မှု ဖြစ်နေတယ်။ အဲဒီအတွက် သာယာဝတီခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းပပရွှေက ရန်ကုန်ဆေးရုံကြီးကို ဆေးကုသမှုအတွက် လွှဲပြောင်းပေးလိုက်ပါတယ်။”

ကိုခင်လှိုင်ကို အရေးပေါ်ဆေးရုံတင်ရတဲ့အပြင် တခြားအမှုကိစ္စ မစုံလင်တဲ့အတွက် ဒီကနေ့ ရုံးထုတ်လာသူတွေကို မစစ်တော့ဘဲ နောက်အပတ် ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ရဲမှူး ဦးဘုန်းမြင့်ကို စစ်ဆေးခြင်းကလည်း ရပ်တန့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ စစစ်ကတည်းကိုက စွပ်စွဲခံရသူတွေ မစုံလင်ဘဲနဲ့ စုံလင်အောင် စစ်ဆေးကြီးကြပ်ရမယ့် တရားသူကြီးရဲ့ တာဝန်ကလည်း ပျက်ကွက်သွားတယ်။ ဥပဒေအရာရှိကလည်း ပျက်ကွက်တယ်။ ရဲမှုခင်း မှတ်တမ်းရယ်၊ နောက်ပြီး အချုပ်ကားပို့တဲ့ရဲကလည်း သူ့အချုပ်ကားဖြစ်လို့ ဆေးရုံပို့ခဲ့တဲ့ လူနာကိစ္စကို သတင်းမပို့ဘူး။ ပြောရမယ်ဆိုရင် ဖြစ်သလို အမှုစစ်နေတယ်။ ထောင်ချဖို့လောက် တာဆူပြီးတော့ စစ်နေတဲ့သဘောဖြစ်လို့ ဒီကနေ့ အဲဒီက အဖြေထွက်သွားတယ်။ အဲတော့ စစ်မရတော့ ၁၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ ရုံးထုတ်စစ်ဆေးမှုအတွင်းမှာလည်း ၀န်ရံပြည်သူတဦးဖြစ်တဲ့ ကိုတင်ဝင်း ရုတ်တရက် မူးလဲသတိလစ်သွားခဲ့ပါတယ်။ သူ့ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသပေးခဲ့ပြီး လက်ရှိအချိန်မှာလည်း ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

တရားစွဲဆိုခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၆၉ ဦးထဲမှာ ဒီကနေ့ ၆၇ ဦးသာ တရားရုံးရောက်ခဲ့တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013