
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ ရပ်ကွက် သုခိတာ ၇ လမ်းမှာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲက ဗေဒင်ဆရာအိမ်ကို အမျိုးသား ၃ ယောက်က ဓားပြဝင်တိုက်ရာ ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီခွဲက သုခိတာ ၇ လမ်းမှာရှိတဲ့ ဗေဒင်ဆရာ ဦးထိုက်အောင်လင်းရဲ့ နေအိမ်ကို အမျိုးသား ၃ ယောက်က ဓားပြလာတိုက်ခဲ့တာလို့ ရပ်ကွက်နေတယောက်က DVB ကို ပြောပါတယ်။
“ဗေဒင်ဆရာအိမ်ကို ဓားပြလာတိုက်တာ၊ ဗေဒင် ဆရာအိမ်က အုပ်ချုပ်ရေးအဖွဲ့ကို ဖုန်းဆက်ခေါ်လိုက်တာ။ အုပ်ချုပ်ရေးအဖွဲ့ရောက်လာတဲ့အချိန် ထွက်ပြေးတာ၊ ရပ်ကွက်က ဝိုင်းဖမ်းတာ။ ရပ်ကွက်ကလူတွေ မလိုက်ရဲအောင် သေနတ် ၂ ချက်ဖောက်တယ်၊ လူကများတော့ သစွာလမ်းထိပ်မှာ မိသွားတယ်။”
ပြစ်မှုကျူးလွန်သူ ၃ ယောက်မှာ သေနတ် ၂ လက်ပါရှိပြီး အူပ်ချုပ်ရေးအဖွဲ့ရောက်ရှိချိန် စရဖအဖွဲ့ကလို့ ပြောဆိုပြီး ထွက်ချိန် ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဓားပြတိုက်တဲ့အိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်တော့ သူတို့က စရဖက ခင်ဗျားပါလိုက်ခဲ့ဆိုပြီး အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ချိန်ပြီးခေါ်တာ။ အုပ်ချုပ်ရေးမှူးက စရဖအကူ ၁ ကလား၊ ၂ ကလားလို့ မေးတဲ့အချိန် ထွက်ပြေးတာ။ အဲ့အချိန် အုပ်ချုပ်ရေးအဖွဲ့က အော်လို့ ရပ်ကွက်ကလူတွေ ဝိုင်းဖမ်းလို့ မိသွားတာ။”
ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို သေနတ် ၂ လက်၊ တသောင်းတန်ငွေစက္ကူတွေ၊ ဖုန်း ၃ လုံးနဲ့အတူ ဖမ်းမိခဲ့ပြီး ရဲစခန်းကို အပ်နှံလိုက်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေဆိုင်ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်ခဲ့ပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း လုယက်မှု ၄၁ ကြိမ်ဖြစ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။










