
စစ်အာဏာရှင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်မဲ့ ခရီးစဉ်အတွင်း သူ့ကို ဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ အာဂျင်တီးနားတရားရေးဌာနဆီ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အရေးပေါ် လျှောက်ထားလိုက်တဲ့အကြောင်း ဇူလိုင် ၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
BROUK အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က “မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အဓိက လက်သည်တင်မကဘဲ မြန်မာပြည်သူတွေကို နှစ်ရှည်လများ အကြမ်းဖက် ဖိနှိပ်ခဲ့သူပါ။ သူဟာ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဓာတ်ပုံရိုက်ခံရမှာ မဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိသင့်တာပါ” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူတွေကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ပေးဖို့ BROUK အဖွဲ့က အာဂျင်တီးနားနိုင်ငံ တရားရုံးဆီ ၂၀၁၉ ခုနှစ်ကတည်းက တိုင်ကြားခဲ့တာပါ။
၂၀၂၅ ခုနှစ်မှာတော့ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြား စစ်တပ်အကြီးအကဲတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်းဝရမ်းတွေ ထုတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက် အရ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်ဖို့ ရှိနေပြီး ဒီအချိန်အတွင်း သူ့ကို အာဂျင်တီးနားနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းဖမ်းဆီးကြဖို့ BROUK အဖွဲ့က မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။
ဒါဟာ လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုတွေ ကျူးလွန်သူတွေအတွက် ပုန်းခိုစရာ နေရာ မရှိဘူးဆိုတာကို ပြသဖို့ အခွင့်အရေးတခု ဖြစ်ကြောင်းလည်း ဖော်ပြထားတာပါ။
လက်ရှိမှာတော့ အာဂျင်တီးနားနဲ့ ထိုင်းနိုင်ငံတို့အကြား တရားခံလွှဲပြောင်းရေးစာချုပ် မရှိပေမဲ့ ထိုင်းနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် တရားခံလွှဲပြောင်းရေးဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၁ နှစ်အထက် ကျခံရနိုင်တဲ့ နိုင်ငံတကာပြစ်မှုတွေမှာ လွှဲပြောင်းပေးနိုင်တဲ့ ဥပဒေကြောင်းအရ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။
“မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေအပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ ဘာမှ သံသယဖြစ်စရာ မလိုပါဘူး။ ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ခရီးစဉ်အတွက် အနီရောင်ကော်ဇောခင်းပေးခြင်းအားဖြင့် ဒီလိုလူသတ်အစိုးရကို တရားဝင်မှုမပေးသင့်ဘဲ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတိုမှာ စံနမူနာပြသင့်ပါတယ်။”
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့တဲ့အပြင် မြန်မာစစ်တပ်ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။










