DVB Logo
Home
Lead Story
တသင်းလုံး စတား... (ဆောင်းပါး)
DVB
·
June 9, 2015
တသင်းလုံး စတား... (ဆောင်းပါး)
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းကြီးတွေအားလုံးကို ကျေ်ဖြတ်ပြီး ဗိုလ်စွဲသွားတာကတော့ မြန်မာဘောလုံးအသင်း သတင်းတွေချည်း ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေ ဘောလုံးသတင်းကို ဘယ်လောက်စိတ်ဝင်တစား ဖတ်သလဲဆိုရင် စင်ကာပူရောက်နေတဲ့ ယူ-၂၃ မြန်မာဘောလုံးသမားတွေ စင်ကာပူဘုန်းကြီးကျောင်းတခုမှာ မြန်မာထမင်းဟင်း စားသောက်နေတဲ့ ဓာတ်ပုံတင်အပြီး မိနစ်ပိုင်းအတွင်း သောင်းနဲ့ချီတဲ့ ပရိသတ်က ၀င်လိုက်ခ်သွားကြတာ သတင်းဝက်ဘ်ဆိုက်တခုမှာ တွေ့လိုက်ရပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ မြန်မာယူ-၂၀ အသင်းနဲ့ ယူ-၂၃ အသင်း ပွဲစဉ်တွေကို မြန်မာပရိသတ် အကြီးအကျယ် စောင့်ကြည့်အားပေးခဲ့ကြပြီး ဒီထဲ အရင်နဲ့မတူ ထူးခြားတဲ့ ပရိသတ်တွေကို သတိထားလိုက်မိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ယူ-၂၀ မြန်မာလူငယ်အသင်းကို ပရိသတ်အားပေးပုံထူးတာ အရင်ပြောရရင် ယူ-၂၀ အသင်းဟာ ပွဲတိုင်းရှုံးခဲ့ပြီး ပရိသတ်လိုချင်တဲ့ အနိုင်ကို မဖန်တီး မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ရှုံးနေတဲ့ ယူ-၂၀ အသင်းကိုပဲ ပရိသတ်က မေတ္တာမပျက် ဆက်လက်အားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုကို ပရိသတ်က အသိအမှတ်ပြုပြီး အားပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ပြီးခဲ့တဲ့အပတ်ထဲမှာ မြန်မာအမျိုးသား ဘောလုံးအသင်း ၃ သင်းစလုံး ပြည်ပထွက် ပြိုင်ပွဲဝင်နေကြတာဖြစ်ပြီး ဒီထဲ ၂၀၁၃ မြန်မာအိမ်ရှင်လုပ်တုန်းက အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ လက်ရွေးစင်အသင်းကြီး ကန်တဲ့ပွဲကိုတော့ ပရိသတ် သိပ်စိတ်မ၀င်စားတာတွေ့ရပြီး ဒါဟာလည်း ကစားသမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ကစားနေတဲ့ ယူ-၂၀ အသင်းပွဲတွေကို ပရိသတ် အားပေးကောင်းနေတုန်း ဆီးဂိမ်းပြိုင်ပွဲဝင်နေတဲ့ ယူ-၂၃ မြန်မာအမျိုးသားအသင်းက အဖွင့်ပွဲမှာ အင်ဒိုနီးရှားအသင်းကို ဂိုးပြတ်နိုင်လိုက်တဲ့နောက် ပရိသတ်အားပေးမှုက ဒီအသင်းဘက် လှည့်သွားပြန်ပါတယ်။ ဇွန် ၄ ရက်မှာတော့ ယူ-၂၀ အသင်းက နေ့ဘက်၊ ယူ-၂၃ အသင်းက ညဘက်၊ အိမ်ရှင်တွေဖြစ်တဲ့ နယူးဇီလန်၊ စင်ကာပူတို့နဲ့ ကစားခဲ့ရပြန်တော့ တနေ့တည်းမှာ မြန်မာပရိသတ် ၂ ပွဲဆက် အားပေးခဲ့ရပြန်ပါတယ်။ ယူ-၂၀ က အိမ်ရှင်နယူးဇီလန်ကို အဖွင့်ဂိုးသွင်းလိုက်တော့ မြန်မာပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှားကုန်ပါတယ်။ နယူးဇီလန်အသင်း ကစားပုံ အကောင်းကြီး မဟုတ်တော့ မြန်မာယူ-၂၀ များ အနိုင်ရလေမလားလို့ ရင်ခုန်စိတ်လှုပ်ရှားစွာ အားပေးခဲ့ကြရပြီး ပွဲပြီးတော့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ယူ-၂၀ တပွဲမှ မနိုင်ပေမယ့် လူကောင်ချင်းကွာပြီး ကြံ့ခိုင်ရေးအားနည်းလို့ ရှုံးခဲ့ရတာဖြစ်လို့ ပရိသတ်က အပြစ်မမြင်ဘဲ အားပေးခဲ့ကြတာပါပဲ။

ညဘက် စင်ကာပူဆီးဂိမ်းမှာ မြန်မာယူ-၂၃ အသင်း အိမ်ရှင် စင်ကာပူနဲ့ကန်ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရလိုက်တဲ့ အခါမှာတော့ မြန်မာဘောလုံး ပရိသတ်ကြီး နေ့ခင်းက ဂိုးပြတ်အရှုံးကို မေ့ထားလိုက်ကြပြီး ပျော်ရွှင်ခဲ့ကြရပြန်ပါတယ်။ ဒီအချိန်မှာ မြန်မာပြည်ထဲ ရောက်လာတဲ့ လှေစီးပြေးတွေအကြောင်း၊ လွှတ်တော်ထဲ မီဒီယာ ပေးမ၀င်တဲ့အကြောင်း၊ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ ညီလာခံအကြောင်း အားလုံးမေ့ပြီး ဘောလုံးမှဘောလုံး၊ တလုံးတည်း လုံးကုန်ပါတော့တယ်။ စောစောကပြောသလို ဘောလုံးသမားတွေ ဘုန်းကြီးကျောင်းမှာ ထမင်းစားတဲ့ဓာတ်ပုံကို စုပြုံပြီး ၀င်ကြည့်ကြတဲ့အထိ ပရိသတ်ကို ဘောလုံးက ဖမ်းစားထားလိုက်နိုင်ခဲ့တာပါ။

အခုလက်ရှိ ပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ-၂၃ အသင်းဘက် ဆက်ပါ့မယ်။ စင်ကာပူနဲ့ ကန်မယ့်နေ့က စင်ကာပူ အားကစားစာစောင်တခုက No stars, No problem လို့ ခေါင်းစဉ်တပ်ပြီး ပွဲသတင်းရေးပါတယ်။ နာမည်ကြီးကစားသမားတွေ မပါတဲ့ မြန်မာအသင်းဟာ သူတို့အတွက် ပြဿနာ မရှိပါဘူးပေါ့လေ။ တကယ်လည်း လက်ရွေးစင်ဟောင်း ကိုသန်းတိုးအောင်တို့ကိုင်တဲ့ ယူ-၂၃ အသင်းမှာ နာမည်ကြီးကစားသမား တယောက်မှ ပါမလာပါဘူး။ ပြိုင်ပွဲနေ့တွေမှာ ကိုသန်းတိုးအောင်နဲ့ ဖုန်းအဆက်အသွယ်ရပြီး စကားပြောဖြစ်တော့လည်း သူက ပွင့်ပွင့်လင်းလင်းပြောပါတယ်။ သူ့ကို လက်ရွေးစင်အသင်းကြီးက ကြိုက်တဲ့သူ ရွေးယူဖို့ပြောတော့ သူတယောက်မှ မယူဘူး၊ ယူ-၂၀ အသင်းက ကလေးတွေတော့ သူလိုချင်ပေမယ့် ပြိုင်ပွဲတိုက်နေလို့ မဖြစ်နိုင်ခဲ့ဘူး၊ ဒီထဲက သူ့အသင်းအတွက် လူရွေးခဲ့ပြီး တဦးကောင်း တယောက်ကောင်းထက် အသင်းလိုက် စုစည်းမှုအားနဲ့ ကစားတတ်အောင် သူတို့ လေ့ကျင့်ပြင်ဆင်လာခဲ့တာဖြစ်တယ်၊ အခု သူ့အသင်း ပုံမှန်ခြေရနေပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲတွေတုန်းကတော့ ပုံမှန်ခြေစွမ်း မရခဲ့ဘူးလို့ သူက ၀န်ခံပြောပါတယ်။ အခု အဖွင့်ပွဲအဖြစ် အင်ဒိုနဲ့ကန်တဲ့ ခြေစွမ်းမျိုးထက် မပေါ့မလျော့တဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုမျိုးရှိမှ သူ့အသင်း အောင်မြင်နိုင်မယ်လို့ကို ပြောတာပါ။ သူ ဒီလိုထုတ်ပြောနေချိန်မှာပဲ နာမည်ကြီးကစားသမားတွေပါတဲ့ လက်ရွေးစင်အသင်းကြီးဟာ ကမ္ဘောဒီးယားအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။ စင်ကာပူ အားကစားစာစောင်ရေးတဲ့ No stars, No problem ဆိုတာဟာလည်း မြန်မာက စင်ကာပူကို နိုင်လိုက်တော့  မြန်မာအသင်းနဲ့ ပရိသတ် ပြောရမယ့်စကား ဖြစ်ခဲ့ပါတော့တယ်။

အခုတော့ နာမည်ကြီးတွေမပါတဲ့ မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းတွေကြား ရေပန်းစား နာမည်ကြီးနေပြီး အသင်းတိုင်းက စောင့်ကြည့်ရတဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ နာမည်ကြီး ကစားသမားတွေလို တဦးကောင်း တယောက်ကောင်း တကိုယ်ကောင်းဆန်ဆန် မကစားဘဲ တသင်းလုံး ကြိုးစားကစားပုံကိုလည်း ပရိသတ်ကြီးက တခဲနက် အားပေးနေပါပြီ။ ဆီးဂိမ်းပြိုင်ပွဲမှာ ယူ-၂၃ အသင်း ဗိုလ်မစွဲဘဲ ရှုံးလည်း ပရိသတ်ကတော့ မေတ္တာမပျက် ဆက်လက်အားပေးဖို့ သေချာသလောက် ရှိနေပါပြီ။ ဘောလုံးပွဲတွေမှာ မြန်မာ့အရေးအတွက် ယူစရာတွေ အများကြီး တွေ့ရပါတယ်။ ကစားသမားတွေမှာရော ပရိသတ်ကြီးမှာပါ လေ့လာသင်ယူစရာတွေ များလှပါတယ်။ စင်ကာပူဘောပွဲ အားပေးတဲ့ မြန်မာပရိသတ်ကြီးရဲ့ ဘောပွဲအပြီး အမှိုက်ကောက်ပြီးမှ အိမ်ပြန်တဲ့ အလုပ်ကောင်းတခုကိုပဲ အတုယူမယ်ဆိုရင်တောင် ရန်ကုန် ဒီလောက်ညစ်ပတ်နေစရာအကြောင်း မရှိပါဘူး။ ဒါက ပရိသတ်ကြီးအပိုင်းဖြစ်ပြီး လူကြီးမင်းများ အပိုင်းကတော့ တကိုယ်တော်ဖော်ရှိုးတွေ ထထလုပ်နေတာမျိုးထက် လူကြီးမင်း ၄-၅ ယောက်လောက်ပေါင်းပြီး အသင်းအောင်မြင်အောင် အသင်းလိုက် စုစည်းမှုနဲ့ လုပ်ဖို့ကောင်းနေပါပြီ။ နာမည်ကြီး ကစားသမားတွေပါပြီး ကိုယ်နာမည်ကြီးဖို့ တကိုယ်ကောင်းဆန်ဆန် ကစားတဲ့ ဘောလုံးအသင်းကို မြန်မာပရိသတ် စိတ်ကုန်နေပြီး နာမည်ကြီးတွေ မပါလည်း အသင်းလိုက် စုစုစည်းစည်း ကြိုးစားကစားတဲ့ အသင်းကို ပရိသတ်က မေတ္တာမပျက် အားပေးနေပါပြီ။ တနင်္ဂနွေနေ့က တတိယပွဲ မြန်မာယူ-၂၃ အသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ကစားပြလိုက်နိုင်ပြီးတဲ့နောက်တော့ မြန်မာတသင်းလုံး စတားတွေ ဖြစ်သွားပါပြီဗျာ။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013