DVB Logo
Home
Lead Story
လော်ခီးလာအစည်းအဝေး နိုင်ငံရေးမူဘောင် လမ်းညွှန်ချက်ဆွေးနွေး
DVB
·
June 9, 2015
လော်ခီးလာအစည်းအဝေး နိုင်ငံရေးမူဘောင် လမ်းညွှန်ချက်ဆွေးနွေး
Donate to DVB

လော်ခီးလာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီး အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်အဖြစ် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ လမ်းညွှန်ချက်ကို ဆွေးနွေးပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးတာနဲ့ ရက်ပေါင်း ၆၀ အတွင်း မူဘောင်ရေးဆွဲဖို့နဲ့ အပစ်ရပ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ သဘောတူညီချက်က ရထားပြီးဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ရာမှာ ရရှိထားပြီးဖြစ်တဲ့ စာချုပ် (မူကြမ်း) အပေါ် အစိုးရဘက်က ပြင်ဆင်စရာမရှိလို့ ထုတ်ပြောထားပါတယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကတော့ ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်ဖို့နဲ့ တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အန်စီစီတီ (တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) က ဒုတိယခေါင်းဆောင်၊ ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကို (ဇွန် ၈ ရက်) အစည်းအဝေးအပြီး ညနေပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေး ဒီကနေ့ ထူးခြားချက်ကို ပြောပြပါ။

“ဒီနေ့စည်းဝေးပွဲကတော့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်တာ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမူဘောင် ပြုမူကြမ်းတော့မဟုတ်ဘူးပေါ့နော်။ လမ်းညွှန်ချက်တွေ တင်ပြတာဖြစ်တယ်။ ရှေ့လုပ်ငန်းစဉ်ကိုလည်း ကျနော်တို့ဆွေးနွေးတာ ပြတ်တော့ မပြတ်သေးဘူးပေါ့နော်။ အခုဟာ ကျနော်တို့ အန်စီအေ (တပြည်လုံးအပစ်ရပ်စာချုပ်) အတည်ပြု မူကြမ်းမှာ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ကျနော်တို့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဆွေးနွေးတာဖြစ်ပါတယ်။”

အစည်းအဝေးကနေ ကော်မတီတရပ်ဖွဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီကော်မတီလေး အကြောင်း ပြောပြပါဦး။

“ကော်မတီမဟုတ်ဘူး။ ကျနော်တို့ ခုနက အန်စီအေထဲမှာ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တဖွဲ့တော့ ဖွဲ့ပေးလိုက်တယ်။ အန်စီစီတီ အဖွဲ့ဝင်တော့ မဟုတ်ဘူးပေါ့နော်။ ဒါထက်အဆင့်မြင့်တဲ့ ခေါင်းဆောင်တချို့ကို ဖြည့်စွက်ပြီးတော့ ကျနော်တို့ထဲမှာ ဖွဲ့ပေးပြီးတော့ နိုင်ငံတော်အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ညှိနှိုင်းဖို့ သဘောထား အဲလိုချထားတယ်။”

အစည်းအဝေးပွဲမှာ ဇွန် ၇ ရက်နေ့က ဆုံးဖြတ်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါ အဖွဲ့တွေကို ချန်မထားဘဲနဲ့ အထူးသဖြင့် ရခိုင်၊ တအာင်းပလောင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေကို မချန်ထားဖို့ဆိုပြီးတော့ ဆုံးဖြတ်ကြတယ်လို့ သိရပါတယ်။ အဲဒါဟာ အစိုးရဘက်က ရပ်တည်ချက်နဲ့ဆို ထိပ်တိုက်တိုးမသွားဘူးလား။

“အစိုးရ ရပ်တည်ချက်ကတော့ သူ့ရပ်တည်ချက် သူဖော်ပြတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒီ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းတဲ့ အချိန်ကာလမှာတုန်းက လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေကို နှစ်ဘက်က သီးခြားညှိနှိုင်းသွားမယ်ဆိုတဲ့ သဘောထား ဆုံးဖြတ်ချက်ရှိတာကိုး။ ဒါကို ဆက်လက်ညှိနှိုင်းပြီးမှ အဲဒီမှာကျတော့ အဖြေ တိတိကျကျ သိရမှာပေါ့နော်။ ခုဟာ ပြောတာတော့ ရှိနေတာပေါ့။ ဒါပေမယ့် ကျနော်တို့ရပ်တည်ချက်နဲ့ ဆက်လက်ပြီးတော့ အဲဒီမှာ သီးခြား ညှိနှိုင်းသွားမယ်ဆိုရင်တော့ အဲဒီအချိန်မှ သိရမယ်ထင်တယ်။”

အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေး ထိပ်သီးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ကို မြန်မာငြိမ်းချမ်းရေး စင်တာကိုမေးတော့ အစိုးရမူဝါဒအရ ဒီအတိုင်းဆို ရှေ့ဆက်သွားဖို့ ခက်ပြီလို့ ပြောပါတယ်။ ဒီကိစ္စကို ဘယ်လိုအဖြေရှာဖို့ နည်းလမ်းရှိလဲခင်ဗျ။

“လောလောဆယ်တော့ ကျနော်တို့ ဒီကိစ္စကို မဆွေးနွေးရသေးဘူးပေါ့နော်။ ဒါက ကျနော်တို့ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ ခုလောလောဆယ်ကတော့ ဒီဥစ္စာကို ကျော်လွှားနိုင်ဖို့အတွက် ပထမအချက်ကတော့ အစိုးရနဲ့ သီးခြားညှိနှိုင်းတဲ့အချိန်မှာ လက်မှတ်ရေးထိုးမယ့်အဖွဲ့ပေါ့လေ၊ လက်မှတ်ရေးထိုးမယ့်ပုဂ္ဂိုလ်၊ လက်မှတ်ရေးထိုးမယ့်အဖွဲ့၊ သက်သေတွေအဖြစ်နဲ့ လက်မှတ်ရေးထိုးမယ့်အဖွဲ့တွေကို ဆွေးနွေးညှိနှိုင်းအချိန်ကျမှသာ ဆွေးနွေးကြမှာပါ။”

အစည်းအဝေးမှာ နိုင်ငံရေးမူဘောင်တွေကော ဆွေးနွေးပြီးပြတ်ပြီလား။

“နိုင်ငံရေးမူဘောင်ကတော့ ကျနော်တို့ ဟိုဥစ္စာပေါ့လေ၊ အန်စီအေအပေါ်မှာ အခြေခံပြီး ရေးဆွဲတဲ့အတွက်ကြောင့် ကျနော်တို့ အန်စီအေ အချောပြီးမှသာ ကျနော်တို့ ထပ်မံပြီး ရေးဆွဲမယ်။ အခုကတော့ လမ်းညွှန်ချက်တွေပဲ တင်ပြတယ်လေ။ ကျနော်တို့ ခေါင်းဆောင်တွေကို။”

အခု အန်စီစီတီကို ဒီအစည်းအဝေးမှာ ဖျက်လိုက်ပြီလို့ ယူဆရမလားခင်ဗျာ။

“မဖျက်ဘူး။ အခု ဆက်ပြီးထားမယ်တဲ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013