DVB Logo
Home
မြန်မာသတင်း
ပင်လယ်ပြင်လှေစီးဝင်လာသူ ၁၅၀ ကို ဘင်္ဂလားဒေ့ရှ် စတင်ပြန်ခေါ်ယူ (ရုပ်သံ)
DVB
·
June 8, 2015
ပင်လယ်ပြင်လှေစီးဝင်လာသူ ၁၅၀ ကို ဘင်္ဂလားဒေ့ရှ် စတင်ပြန်ခေါ်ယူ (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ လှေစီးပြေးဝင်လာသူတွေကို လက်ခံထားဖို့ ရည်ရွယ်ချက်မရှိဘဲ ဇွန်လ ၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ပထမအကြိမ်အဖြစ် လူဦးရေ ၁၅၀ စတင် ပြန်လည်ခေါ်ယူနေတယ်လို့  နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့ အမျိုးသားလွှတ်တော်မှာ လှေစီးသွားလာသူတွေနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့မူဝါဒ ချမှတ်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြန်လည်ရှင်းလင်းရာမှာ နိုင်ငံခြားရေး ဒု-၀န်ကြီးက ပြောကြားခဲ့တာပါ။

ဒီအဆိုကို အဆုံးအဖြတ်ယူရာမှာ လွှတ်တော်အမတ်တွေအကြား  ထောက်ခံမဲများတဲ့အတွက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က “မေလ ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအနောက်ဘက် ပင်လယ်ပြင်မှာ စက်လှေ ၂ စီးနဲ့ လှေစီးဒုက္ခသည် ၂၀၈ ဦးကို တွေ့ရှိ ကယ်ဆယ်ခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အခြေခံအားဖြင့် ယာယီစောင့်ရှောက်မှုပေးခြင်း ဖြစ်ပါတယ်။ ဒီလှေစီးသွားလာသူတွေကို လက်ရှိအချိန်မှာ အသက်အန္တရာယ်ကင်းဝေးဖို့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ကယ်ဆယ်ထားတာ ဖြစ်သော်လည်း ကာလရှည်ကြာစွာ လက်ခံထားနိုင်တဲ့ အခြေအနေ မရှိပါ။ ထားရှိရန်လည်း ရည်ရွယ်ချက်မရှိပါ။ ကယ်ဆယ်ထားတဲ့ လှေစီး ၂၀၈ ဦး ထွက်လာခဲ့တဲ့ ပင်ရင်းနေရာသိရှိရန် စိစစ်မှုများ ပြုလုပ်ခဲ့ရာမှာ ၎င်းတို့ အယောက် ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ် ကောဗဇ၊ စစ်တကောင်းနဲ့ ဒါကာ မြောက်ခြမ်းတွင် နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒီလူတွေကို မူရင်းနိုင်ငံကို အမြန်ဆုံးပို့ဆောင်ဖို့ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာသံရုံးနဲ့ အကြိမ်များစွာ ညှိခဲ့ပါတယ်။” လို့ လွှတ်တော်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပထမအကြိမ်အနေနဲ့ ဒီကနေ့ လူဦးရေ ၁၅၀ ကို စတင် ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး ကျန် ၅၀ ဦးအတွက်လည်း ထပ်မံလွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့ပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကနေ ထပ်မံ လှေစီးဝင်ရောက်လာသူ ၇၃၄ ဦး အတွက်လည်း ၃၃၀ ဦးကို ပထမအကြိမ် စိစစ်ခဲ့ပြီး ထပ်မံစိစစ်မှုတွေ ပြုလုပ်နေပါတယ်။

“နောက် ၇၃၄ ဦးပါ လှေစီးထွက်ပြေးသူများကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့က စိစစ်မှုများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မြန်မာဘက်က စိစစ်ခွဲထားပြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၁၈ ဦး အပါအ၀င် စုစုပေါင်း ၃၃၀ ဦးကို ပထမအကြိမ် စိစစ်ခဲ့ပြီးဖြစ်ပါတယ်။ မနေ့ ဇွန်လ ၇ ရက်နေ့မှာလည်း ဆက်လက်စိစစ်မှာ ဖြစ်ပါတယ်။ တိုးတက်မှု အခြေအနေများကိုလည်း သိရှိရတဲ့အခါ ဆက်လက် ထုတ်ဖော်တင်ပြမှာ ဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

ပင်လယ်ပြင် လှေစီးဒုက္ခသည် ပြဿနာဟာ ဒေသတွင်း အရေးကိစ္စတခုလို ဖြစ်လာပြီးနောက် မြန်မာအစိုးရအနေနဲ့လည်း မေလ ၂၂ ရက်နေ့မှာ ပင်လယ်အတွင်း တရားမ၀င် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013