DVB Logo
Home
မြန်မာသတင်း
မေလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ နီးပါး တရားစွဲဆိုခံရ
DVB
·
June 8, 2015
မေလအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ နီးပါး တရားစွဲဆိုခံရ
Donate to DVB

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄၄၀ ကျော် လက်ရှိ တရားရင်ဆိုင်နေရပြီး မေ တလတည်းမှာ တရားစွဲခံရသူပေါင်း ၅၀ နီးပါးရှိတယ်လို့   နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြန်လွတ်မြောက်ခဲ့ပေမယ့် လက်ရှိ မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ဧပြီလက ရှိခဲ့တဲ့ အရေအတွက်ထက် ထပ်တိုးလာပြီး စုစုပေါင်း ၁၆၃ ယောက် ဖမ်းဆီးခံနေရတယ်လို့ အေအေပီပီရဲ့ ဇွန်လ ၅ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း တရားစွဲဆိုခံနေရသူပေါင်း  ၄၉ ဦးရှိတဲ့အထဲမှာ ၄၁ ဦးဟာ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရပြီး တရားရင်ဆိုင်နေရတယ်၊ တကိုယ်တော် ဆန္ဒပြမှုကြောင့် တက်ကြွလှုပ်ရှားသူတဦး ပုဒ်မ ၅၀၅ (ခ) နဲ့  တရားစွဲခံရပြီး သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ဒေသခံ ၃၂ ဦးကို ရခိုင်တပ်မတော် (AA) နဲ့ ဆက်နွယ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတဲ့အပြင် မန္တလေးတိုင်းမှာ မြေသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ မြေပိုင်ရှင်အမျိုးသမီး ၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရကာ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၃ နဲ့ တရားစွဲခံခဲ့ရတယ်လို့  အေအေပီပီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင်၊ ကိုရာဇာဦးနဲ့ ကိုနေမျိုးဇင်တို့ လေးဦးဟာ အကျဉ်းထောင်တွင်း  ကျန်းမာရေး မကောင်းကြဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရာမှာ မကြာခဏ အသုံးပြုတဲ့ ၁၉၅၀ အရေးပေါ်စီမံချက် အက်ဥပဒေကို ဆက်လက်အသုံးပြုဖို့ လွှတ်တော်မှာ မေ ၂၀ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013