
ရခိုင်ပြည်နယ် စစ်တွေမြို့အကျဉ်းထောင်ကနေ ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် လူအယောက် ၄၀ လောက်ကို စစ်အာဏာရှင်တပ်ရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထောင်ဘူးဝမှာ ပြန်ဖမ်းဆီးလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
ဩဂုတ် ၁၄ ရက်က စစ်တွေအကျဉ်းထောင်ကနေ ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် လူ ၄၀ လောက်ကို ရဲတပ်ဖွဲ့က အကြောင်ပြချက်မရှိဘဲ ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးလိုက်တာလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေအကျဉ်းထောင်မှာ ချုပ်ရက်စေ့လို့ ပြန်လွတ်လာသူ ၄၀ ကို ထောင်ဘူးဝမှာ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးလိုက်တာရှိတယ်။ ဘာကြောင့် ပြန်ဖမ်းဆီးလိုက်တယ် ဆိုတာ မသိရသေးပေမဲ့ ဩဂုတ် ၂၀ နေ့အထိ တယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူး။ ပြန်ဖမ်းဆီးခံလိုက်ရသူတွေဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ကျခံနေရသူတွေ ပါသလို ဧည့်စာရင်းမှုကို အကြောင်းပြပြီး ဖမ်းဆီး ထောင်ချထားသူ တချို့လည်းပါတယ်။ တရားထပ်စွဲလား ဒါမှမဟုတ် ဘယ်လိုလုပ်မှာလဲဆိုတာ မသိရသေးဘူး။”
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်းက စစ်တွေမြို့မှာ အမျိုးသား၊ အမျိုးသမီး ရာနဲ့ချီကို ဖမ်းဆီးခဲ့ကာ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခဲ့သလို တချို့သူတွေကိုလည်း ဧည့်စာရင်းအကြောင်းပြုပြီး ထောင်ချခဲ့တာတွေလည်း ဆက်တိုက်ရှိခဲ့ပါတယ်။
စစ်တွေအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၀၀ နီးပါးရှိပြီး စစ်အာဏာရှင်တပ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးလေ့ရှိတဲ့ အခါတိုင်းမှာလည်း ရခိုင်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုဟာ အနည်းဆုံးလွတ်မြောက်လေ့ရှိတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဟာ ပြည်မဒေသက အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်းနဲ့ လွှတ်ပေးပြီး ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးကာ နောက်ထပ်တရားစွဲဆို ထောင်ဒဏ်ချမှတ်တဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
စစ်အာဏာရှင်အနေနဲ့ ရခိုင်က နိုင်ငံရေးအကျဉ်းသားတွေကို အမြဲတမ်းဖိနှိပ်လေ့ရှိပြီး လွတ်ငြိမ်းနဲ့ လွှတ်ပေးတဲ့အခါတိုင်းမှာ ရခိုင်က နိုင်/ကျဉ်းတွေကို အနည်းဆုံးလွှတ်ပေးပြီး နိုင်ငံရေးအရ ဖိနှိပ်တာမျိုးတွေ ရှိတယ်လို့ ရခိုင်က နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေထောင်က ချုပ်ရက်စေ့တဲ့ အကျဉ်းသား ၄၀ ဦးကို ထောင်ဘူးဝမှာ ပြန်ဖမ်းဆီးသွားတာ ကျနော်တို့လည်း ကြားထားတာရှိတယ်။ အတိအကျ ဟုတ်မဟုတ်ကိုတော့ သေချာ စုံစမ်းနေတုန်းပဲ။ စစ်တပ်ကတော့ ရခိုင်က နိုင်ကျဉ်းတွေကို အမြဲတမ်း ဖိနှိပ်လေ့ရှိတယ်ဗျာ။ အထူးသဖြင့် သူတို့ရဲ့ စစ်ရေး ရှုံးနိမ့်မှုတွေကို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြန်ပြီး ဖိနှိပ်တဲ့ သဘောမျိုးပေါ့။ လွတ်ငြိမ်းပေးတိုင်းမှာလည်း အနည်းဆုံးလွှတ်ပေးတာတွေ တခါတရံ တယောက်မှ မပါတာမျိုးတွေလည်း ရှိတယ်။”
စစ်တွေအကျဉ်းထောင်မှာ ဧည့်စာရင်းစစ်ဆေးတဲ့အခါ မှတ်ပုံတင်နဲ့ အိမ်ထောင်စုမပြနိုင်တဲ့ သူတွေကို AA တပ်ဖွဲ့ဝင်တွေ ဆိုပြီး ဖမ်းဆီးထောင်ချထားသူ အများအပြားရှိသလို ဗျဉ်းဖြူရွာ လူသတ်မှု ဖြစ်စဉ်မှာလည်း ဖမ်းဆီးခံထားရတဲ့ ကျေးရွာသား အများအပြားလည်း ထောင်ချခံနေရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း ကျောက်ဖြူအကျဉ်းထောင်မှာ ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ အမျိုးသား ၇ ယောက်ကို စစ်အာဏာရှင်တပ်က ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးပြီး နောက်ထပ် ပုဒ်မတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်ထပ်မံချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အကျဉ်းထောင် ၄ ခုအထဲက စစ်တွေထောင်နဲ့ ကျောက်ဖြူထောင် ၂ ခု တည်းကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး သံတွဲထောင်နဲ့ ဘူးသီးတောင်ထောင်ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။











