DVB Logo
Home
Lead Story
တွင်ကျယ်ခေတ်စားတဲ့ ယောဂ
DVB
·
June 7, 2015
တွင်ကျယ်ခေတ်စားတဲ့ ယောဂ
1 / 5
Donate to DVB

မန္တလေးမြို့လယ် ဖူးကျင့် ဗုဒ္ဓဘာသာဘုရားကျောင်း သုံးထပ်ခန်းမဆောင်ကြီးရဲ့ ခေါင်မိုး ပေါ်မှာ လူ ၅၀ ကျော်လောက် လက်အုပ်ချီပြီး ထိုင်နေကြတယ်။

‘ယိုဂေန ကျိဿစယ ပဒေန ၀ါကျာ(မ်)…

မလ(မ်) သျှရီစယ ကျ ၀ဲဒျကေန……….’

ကွန်ကရစ်အမိုးပြင်ပေါ်မှာ ကော်ဇောတွေခင်း၊ ကိုယ်ပိုင်အခင်းတွေပေါ်မှာ ထိုင်ကာ ရှေ့က စင်မြင့်ပေါ်ရှိ ဆရာက တိုင်ပေးတဲ့အတိုင်း အားလုံးက သံပြိုင်ညီညာ လိုက်ဆို နေကြပါတယ်။

သူတို့အားလုံးဟာ ပတဉ္ဇလီ ရသေ့ကြီးကို ကန်တော့နေကြတာပါ။

မြင်ကွင်းက နည်းနည်းတော့ထူးတယ်။ စင်မြင့်ပေါ်က ဆရာက နဖူးမှာ သနပ်ခါး တို့ထားပြီး ဒိုတီဝတ်ထားတဲ့ ဗြဟ္မနွယ်ဖွား။ တပည့်တွေ က တရုတ်၊ ဗမာ၊ ရှမ်း၊ ကုလား၊ ကရင်၊ ကချင် လူမျိုးပေါင်းစုံ။ နေရာက တရုတ်ဘုံကျောင်း၊ သူတို့ကန်တော့နေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်နဲ့ချီတဲ့ ကာလက အိန္ဒိယမှာ ရှိခဲ့တဲ့ ရသေ့ကြီး။

ပတဉ္ဇလီရသေ့ကြီးဟာ ယောဂ (Yoga) ကို ထုတ်ဖော်ခဲ့သူအဖြစ် သိမှတ်ထားကြတယ်။ ယခု ပရိသတ်ကလည်း မနက်စောစော ယောဂ မကျင့်ခင် ရသေ့ကြီးကို ကန်တော့နေကြတာပါ။

ယောဂကျင့်တာ တွင်ကျယ်ခေတ်စားလာတယ်။ ဇွန် ၂၁ ရက်ကို နိုင်ငံတကာ ယောဂနေ့အဖြစ် သတ်မှတ်ကာ အိန္ဒိယနိုင်ငံက ကမ္ဘာတ၀ှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ စည်းရုံးဆော်သြနေပါတယ်။

မြန်မာနိုင်ငံမှာလည်း ယောဂကို စိတ်ဝင်စားသူ များလာတယ်။ တီဗီအစီအစဉ်က လာတဲ့ ယောဂ လုပ်ပုံကိုင်ပုံကို စိတ်ဝင်တစား စောင့်ကြည့်သူတွေ ရှိတယ်။ ယောဂ အကြောင်း စာအုပ်တွေ လှိမ့်ထွက်နေပြီး ရောင်းနေရတယ်။ ယောဂဆရာမ လှလှလေးတွေက ဗီစီဒီ အချပ်တွေ ရိုက်ဖြန့်တယ်။ ယောဂသင်တန်းတွေ အများကြီး ရှိလာတယ်။ သူ့နေရာနဲ့သူ သူ့ဆရာ နဲ့ သူနေရာအနှံ့မှာ ယောဂ လုပ်ကြတယ်။ အချို့ကလည်း ဆရာ ကို အိမ်မှာ သီးခြားခေါ်ပြီး ကျင့်တယ်။ အချို့က သင်တန်းခန်းမကိုသွားပြီး ကျင့်တယ်။

မန္တလေးမြို့မှာတော့ ဖူးကျင့် ဗုဒ္ဓဘာသာဘုရားကျောင်း ခန်းမဆောင်မှာ လူအများ စုပေါင်းပြီး ယောဂ လုပ်ကြတယ်။

လမ်း ၃၀၊ ၈၂နဲ့ ၈၃ လမ်းကြားအတွင်းမှာရှိတဲ့ ဖူးကျင့် ဘုံကျောင်းဝင်းက ကျယ်တယ်။ ဒါကြောင့် လာတဲ့သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေ ရပ်နားစရာနေရာ ရှိတယ်။ ခန်းမ ဆောင်ကြီး ကလည်း အကျယ်ကြီး၊ ၃ ထပ်တောင်ရှိတယ်။ မင်္ဂလာဧည့်ခံပွဲတွေ၊ ကပွဲတွေ ကောင်းကောင်း နွှဲနိုင်တယ်။ ဖူးကျင့်ဘုရားကျောင်း ဂေါပကလူကြီးတွေကလည်း ယောဂအလုပ်ကို အားပေးတယ်။ ဆောင်းတွင်းဆိုရင် အဆောက်အဦးအတွင်း ခန်းမဆောင်မှာ၊ နွေဆိုရင် လေးထပ် ခေါင်မိုးပေါ်မှာ လူ ၁၀၀ လောက် အေးဆေး ယောဂ လုပ်နိုင်ကြတယ်။ မိုးရွာနေပူ တရက်ပြီးတရက် လူ ၅၀ ကျော် ယောဂလာလုပ်နေတယ်။

ယောဂ နည်းတွေကို ဦးဆောင်သင်ပြပေးနေသူက ဆရာ ဦးလှညွန့်ပါ။ သူက ဗြဟ္မဏ နွယ်ဖွားဖြစ်တယ်။ ယောဂကို စိတ်ဝင်စားပြီး  စနစ်တ ကျသင်ယူထားတယ်။ ယောဂအကြောင်း အိန္ဒိယက ထုတ်တဲ့စာအုပ်တွေကို ပင်ရင်းဘာသာစကားနဲ့ ဖတ်ရှု့ လေ့လာထားတယ်။ သူ သိသမျှကို အခကြေးငွေမယူဘဲ မျှဝေပေးတယ်။ ဆရာ ဦးလှညွန့်က ယောဂသင်တန်းကို မနက်တိုင်း ဖူးကျင့်ဘုရားကျောင်းမှာ၊ ညနေတိုင်း သူ့နေအိမ်မှာ ဦးဆောင်လေ့ကျင့်ပေးတယ်။ Road to Mandalay အပျော်စီးသင်္ဘောကြီးကလည်း ဆရာ ဦးလှညွန့်ကို ဖိတ်ခေါ်ပြီး သင်္ဘောစီး နိုင်ငံခြားသားတွေကို ယောဂ လေ့ကျင့်ပေးစေပါတယ်။

မန္တလေးမြို့မှာ ဆရာ ဦးလှညွန့်ရဲ့ လက်သင်တပည့်အချို့ကလည်း ယောဂကို ဦးဆောင် သင်ပြပေးနေတယ်။

ယောဂလေ့ကျင့်သူတိုင်း တညီတညွတ်တည်းပြောကြတာကတော့ ယောဂလုပ်ထားရင် တနေကုန် နေရထိုင်ရတာ ပေါ့ပါးတယ်။ ညောင်းညာကိုက်ခဲခြင်း မရှိဘူးဆိုတာ ပါပဲ။ ယောဂလုပ်သူတိုင်းမှာ သိသာတာကတော့ ပျော့ပျောင်းခြင်းပါပဲ။

တဦးချင်းအနေနဲ့ ယောဂလုပ်ပြီးတဲ့နောက်မှာ အဆီကြိတ်တွေ သေးသွားတယ်ဆိုသူ၊ အရိုးကျီးပေါင်းတက်တာ သက်သာတယ်ဆိုတဲ့သူ၊ ၀မ်းမချုပ်တော့ဘူး ဆိုတဲ့သူ အတွေ့အကြုံ အမျိုးစုံကို ပြောပြချင်သူတွေလည်း အများကြီးတွေ့ရတယ်။

ခေတ်စားလာတဲ့ယောဂ ကို မြန်မာနိုင်ငံမှာ အတွင်ကျယ်ဆုံး လုပ်နေသူတွေကတော့ မန္တလေးမြို့က ဆရာဦးလှညွန့်နဲ့ အဖွဲ့တော်သားတွေပါပဲ။

ကျော်ရင်မြင့်

[gallery ids="96439,96440,96441,96442"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013