
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး (SPDO) စခန်းမှာ မတ် ၁၇ ရက်နေ့ မနက်ပိုင်းက ယမ်းထုတ်လုပ်ချိန် ပေါက်ကွဲမီးလောင်လို့ ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော်တချို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ အဲဒီတပ်ရင်းဆီကနေ သိရပါတယ်။
SPDO ရဲ့ ပြန်ကြားရေးတာဝန်ခံက “မနက် ၈ နာရီမထိုးခင်လောက်မှာ ကျနော်တို့ ရွှေတောင် ပကဖ ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းမှာ ယမ်းထုတ်လုပ်နေရင်း အပူလွန်ကဲပြီး ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့လို့ ထုတ်လုပ်ရေးစခန်းအပါအဝင် လက်နက်ခဲယမ်းနဲ့ စက်ပစ္စည်းတွေ မီးလောင် ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမီးလောင်မှုကြောင့် ရွှေတောင် ပကဖ ရဲဘော် ၂ ယောက် အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
SPDO ရဲ့ တာဝန်ရှိသူတယောက်က “မီးလောင်တာ မငြှိမ်းနိုင်တော့ စခန်းထဲမှာရှိနေတဲ့ ၄၀ မမနဲ့ ၆၀ မမ အသီးတွေဆီကို ပူပြီး ပေါက်ကွဲကုန်တာ၊ ထုတ်လုပ်ရေးစခန်းတခုလုံး ဘာမှ မရလိုက်ပါဘူး။ ထုတ်လုပ်ရေးရဲဘော်လေးတွေရဲ့ သတိလက်လွတ် ဖြစ်သွားတာလည်း ပါတာပေါ့။ သူတို့ ၂ ယောက်လည်း ကြိုးစားပြီး ငြှိမ်းသတ်နေရင်း ဘယ်လိုမှမနိုင်တော့လို့ ကိုယ်လွတ်ရုန်းလာခဲ့ရတာ ဒဏ်ရာတချို့လည်း ရခဲ့ကြတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ထဲမှာတော့ လက်နက်ခဲယမ်းနဲ့ စက်ပစ္စည်းတန်ဖိုး သိန်း ၁၅၀ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
SPDO ဟာ ရွှေတောင်မြို့နယ်အပြင် ပြည်ခရိုင်အတွင်းတွေမှာ စစ်ကောင်စီလက်အောက်ခံတွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာကို တွန်းလှန်နေကြတဲ့ တခြား တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ပူပြင်းတဲ့ရာသီကို ရောက်ရှိလာပြီဖြစ်လို့ ခဲယမ်းထုတ်လုပ်ရေးလုပ်ငန်းတွေကို သတိနဲ့လုပ်ဆောင်ကြဖို့ အကြံပြုထားတယ်လို့လည်း သိရပါတယ်။










