DVB Logo
Home
မြန်မာသတင်း

မြိတ်- ထားဝယ်ဒေသတွင် KNU/KNLA က တပ်မဟာအမှတ် ၉ တိုးချဲ့ဖွင့်လှစ်

DVB
·
November 28, 2026
Photo: Thunder Kawthoolei
Photo: Thunder Kawthoolei
Donate to DVB

မြန်မာနိုင်ငံအရှေ့တောင်ဘက် တနင်္သာရီတိုင်းဘက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ အမှတ် ၉ တခုကို မြိတ်မြို့၊ ထားဝယ်မြို့ဘက်မှာ နိုဝင်ဘာလအတွင်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။

အဲဒီ တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ KNLA တပ်မဟာဟာ ကရင်ပြည်သူတွေအရေး၊ ဒေသခံလူမျိုးရေးနဲ့ နယ်မြေအေးချမ်းရေး၊ စည်းလုံးညီညွတ်မှုတွေ၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုတွေ၊ လူ့အခွင့်အရေး တွေနဲ့ တခြား ပြည်သူတွေလိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေ ဖော်ဆောင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့ တပ်မဟာအမှတ် ၉ ကို တပ်မဟာမှူးအဖြစ် ဗိုလ်မှူးချုပ် စောနယ်ဒါးထူး (ခ) စောရန်နိုင်၊ ဒုတိယတပ်မဟာမှူး (ဗျူဟာမှူး ဗိုလ်မှူးကြီး စောမှူးကေ) တို့က ဦးဆောင်ပြီး တပ်မဟာလက်အောက်မှာ တပ်ရင်း ၁၀၊ တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ နဲ့ KNDO တပ်ရင်း ၈ တို့နဲ့ စုစုပေါင်း တပ်ရင်း ၄ ရင်းနဲ့ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ KTLA တပ်သား၊ တပ်မှူးတွေ လည်း မကြာခဏ KNLA ဆီ ဝင်လာတာရှိသလို နိုဝင်ဘာလအတွင်းမှာ KTLA တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် လက်နက်တွေနဲ့အတူ ထပ်မံလာရောက် ပူးပေါင်းခဲ့ပါတယ်။

KNU လက်အောက်ခံ KNLA တပ်ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော် အနီးတဝိုက်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ရေးလှုပ်ရှားမှု ရှိနေပြီး တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၉ တို့ လှုပ်ရှားနေသလို ဧရာဝတီတိုင်းဘက်ကိုတော့ တပ်မဟာအမှတ် ၈ အနေနဲ့ ရှေ့ဆက်ပြီး တိုးချဲ့ဖို့ အစီအစဉ်ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013