
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ဇွန် ၂၆ ရက် ည ၈ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ အမျိုးသမီးတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းဒေါင်းရွာသားတယောက်က “လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာဗျ။ တလုံးက မြင်းဒေါင်းရွာ အရှေ့ခြမ်း စေတီနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တလုံးက မြင်းဒေါင်းရွာမြောက်ပိုင်း ကတ္တရာလမ်းနဲ့သုံးအိမ်ကျော်မှာရှိတဲ့ ဗေဒါအင်းအနီးက အိမ်တလုံးပေါ်ကို ကျရောက် ပေါက်ကွဲ တယ်။ လက်နက်ကြီးကျည်စထိမှန်လို့ အသက် ၆၀ အရွယ် ဒေါ်မျိုးသူ ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်ဗျ။ အခြားအရပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူ ၄ ယောက်ထဲက ၂ ယောက်ဟာ အသက်အန္တရာယ်စိုးရိမ်ရပြီး ရေဦးမြို့နယ်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချူပ်ရေး အဖွဲ့ဝင်တယောက်က “မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒီကောင်တွေ ညနေပိုင်းမူးလာပြီဆိုရင် ပြည်သူရွာတွေဘက်ဆီကို လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ထုတာ။ အခုလည်း ပြည်သူတဦး အကြောင်းမဲ့ သေဆုံးရတယ်။ ဒဏ်ရာ ရရှိသူများထဲက မောင်ယုယနိုင်နဲ့ ဒေါ်သန်းနွယ် တို့က အသက်အန္တရာယ်အတွက် အလွန်စိုးရိမ် ရပါတယ်” လို့ ပြောပါတယ်။
မြင်းဒေါင်းရွာဟာ ခင်ဦးမြို့နဲ့ ၅ မိုင်လောက်အကွာ၊ ရေဦးမြို့နဲ့ မူးမြစ်တဘက်ကမ်းမှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။










