
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်RsM စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်လို့ စျေးသည်လင်မယား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Indaw Revolution - IR ရဲ့ တာဝန်ရှိသူတယောက်က “ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ကသာ-နဘား လမ်းပိုင်းမှာ စစ်တပ်ရဲ့လက်နက်ကြီး ထိမှန်ပြီးတော့ ဆိုင်ကယ်စျေးသည် လင်မယား ၂ ယောက်ထဲက အမျိုးသမီးဖြစ်သူက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။ သူ့အမျိုးသားကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ကသာမှာ ဆေးကုနေရင်း အခုလ ၂ ရက်နေ့က ထပ်မံသေဆုံးသွားခဲ့တာပါ။ သူတို့ ၂ ယောက်လုံး အသက် ၄၀ ဝန်းကျင်တွေပါ” လို့ DVB ကို ပြောပါတယ်။
အဲဒီဈေးသည်လင်မယားဟာ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နားရခေါင်ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး ဈေးရောင်းပြီး ရိုးရိုးသားသား ရှာဖွေစားသောက်နေကြသူတွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က ကသာ-နဘားလမ်းပိုင်း၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေပွားချိန်မှာ သူတို့ဟာ နှစ်ဖက်တိုက်ပွဲကြား ရောက်ရှိသွားပြီး စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီရက်ပိုင်းကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ အခုတော့ စစ်ကြောင်းပြန်ထွက်သွားပြီး တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ကသာ-နဘားလမ်းပိုင်းကို အသုံးပြုသွားလာကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ တိုက်ပွဲအခြေအနေတွေကို ကြိုတင်စုံစမ်းပြီးတော့မှ လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်မှ သွားလာကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၃ ရက် ညနေပိုင်းမှာ အင်းတော်မြို့ရဲ့တောင်ဘက် မဲဇာစံပြကျေးရွာမှာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာတော့ အနီးဝန်းကျင်ကျေးရွာတွေ ဖြစ်တဲ့ နန့်သဲနဲ့ အလယ်ဆိပ်ကျေးရွာကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပင်သချေကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲချခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ရေးအရ အရေးပါပြီး တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ထားတဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းနဲ့ စစ်ကိုင်း-ကချင်အစပ်က မဲဇာ၊ အင်းတော်၊ နဘားနဲ့ မော်လူးမြို့တို့ကို စစ်တပ်ဘက်က ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။











