
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟောင်းကို ဇူလိုင် ၁ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်လေတပ်က လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူငယ်တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စကခ-၁၅ ဌာနချုပ်ကို ဇူလိုင် ၁ ရက် မနက် ၁၀ နာရီ ၃၀ ခန့်မှာ စစ်အာဏာရှင်လေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း၊ Y-12 လေယာဉ်တစင်းနဲ့ ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနီးအနားက ကျေးရွာသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က စကခ-၁၅ ဌာနချုပ်နဲ့ အနီးအနားရှိ ကျေးရွာပတ်ဝန်းကျင်တွေကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဒေသခံကတော့ မွတ်စလင် ကလေးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်။ တခြား စစ်ဘက်ဆိုင်ရာ အခြေအနေတွေကိုတော့ မသိဘူး။ ဂျက် ၂ စင်း၊ Y-12 တစင်းနဲ့ ဗုံးအလုံး ၃၀ လောက် ကြဲချသွားတာ။ အတော်လေးကို ကြောက်ဖို့ကောင်းတယ်။ မြို့ခံတွေလည်း စိုးရိမ်မှု မြင့်တက်နေကြတယ်။”
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စကခ-၁၅ အနီးရှိ ဝါချီးလား(မွတ်စလင်)ကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်အခြေစိုက် စကခ-၁၅ ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း လေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဘူးသီးတောင်မြို့နဲ့ တပ်ရင်းဌာနချုပ်တွေ အားလုံးကို ၂၀၂၄ ခုနှစ် မေ ၈ ရက်မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်တွေ ပျက်စီးမှုတွေလည်း ဆက်တိုက် မြင့်တက်လာနေပါတယ်။
ဇွန် ၂၆ ရက်ကလည်း ဂွမြို့နယ်၊ ရေကျော်ကျေးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသားတယောက် သေဆုံးပြီး နောက်ထပ် ၅ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇွန်လအတွင်းက ဂွမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူမြို့နယ်တို့ အပါအဝင် ရခိုင်က မြို့နယ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ၊ စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးခဲ့ကြသလို ဈေးဆိုင်တွေ၊ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။











