DVB Logo
Home
Lead Story
သက်ရှိထင်ရှားရှိကြောင်းသက်သေပြခြင်းက လိပ်ပြာသန့်မှုအပေါ် စမ်းသပ်ချက်တခုပါ
DVB
·
July 21, 2026
သက်ရှိထင်ရှားရှိကြောင်းသက်သေပြခြင်းက လိပ်ပြာသန့်မှုအပေါ် စမ်းသပ်ချက်တခုပါ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်၏ ဘေးကင်းကျန်းမာမှုကို သီးခြားလွတ်လပ်စွာ အတည်ပြုပေးရန် ကမ္ဘာက ဘာကြောင့် တောင်းဆိုရမလဲ 

လွန်ခဲ့တဲ့လတွေကတည်းကစပြီး မြန်မာစစ်အာဏာပိုင်တွေကို ကမ္ဘာတဝန်းက လူတွေ မေးနေကြတဲ့ မေးခွန်းတခုကို ကျနော်လည်း ပူးပေါင်းပြီး မေးချင်ပါတယ်။ ဒီမေးခွန်းက အရမ်းကို ရိုးရှင်းပြီး လူသားဆန်လွန်းတဲ့အတွက်၊ တရားဝင်အစိုးရပါလို့ ကြွေးကြော်နေတဲ့ ဘယ်အစိုးရမဆို ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဖြေဆိုဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

အဲဒီမေးခွန်းကတော့ “ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ” ဆိုတာပါပဲ။ သူ အသက်ရှင်လျက် ရှိနေသေးရဲ့လား။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေရော ရနေရဲ့လား။ ရုပ်ပိုင်းဆိုင်ရာအရ ဘေးကင်းလုံခြုံမှု ရှိရဲ့လား။ သူ့ရဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ဆက်သွယ်ခွင့် ရရဲ့လား။ သူ “ကျန်းမာရေး ကောင်းမွန်ပါတယ်” လို့ ထပ်တလဲလဲ ပြောနေကြတာတွေကို သီးခြားလွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်သူတွေက အတည်ပြု စစ်ဆေးခွင့် ရနိုင်ပါ့မလား။

ဒါတွေဟာ နိုင်ငံရေးမေးခွန်းတွေ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားနဲ့ လူ့လိပ်ပြာဆိုင်ရာ မေးခွန်းတွေသာ ဖြစ်ပါတယ်။ တနေ့ကျ သူ့နိုင်ငံလည်း လွတ်လပ်ခွင့်ရလာမယ်လို့ မျှော်လင့်ရင်းနဲ့ သူ့ဘဝတလျှောက်လုံး ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့တဲ့ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေပါတယ်။

စစ်အာဏာပိုင်တွေကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိတ်အေးရအောင် မကြာခဏဆိုသလို သတင်းထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေကိုပဲ လုံလောက်တဲ့ သက်သေအထောက်အထားအနေနဲ့ လက်ခံပေးဖို့ သူတို့က ကမ္ဘာကြီးကို တောင်းဆိုနေကြတာပါ။ ဒါပေမဲ့ ကိုယ့်ဘက်က ပြောတဲ့စကားတွေဟာ သက်သေအထောက်အထား မဟုတ်ပါဘူး။ ထပ်တလဲလဲ ပြောနေရုံနဲ့လည်း အဲဒါက သက်သေဖြစ်မလာပါဘူး။ အာဏာရှိသူတွေက အတင်းအကျပ် ပြောနေရုံနဲ့၊ ဝါဒဖြန့်ချိမှုဆိုတာ ဘယ်လောက်ပဲ ထပ်ခါတလဲလဲ ပြောပြော အမှန်တရား ဖြစ်မလာနိုင်ပါဘူး။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ နိုင်ငံရေးထက် သာလွန်တဲ့ ရိုးရှင်းတဲ့ မူဝါဒတခု ရှိပါတယ်။ အဲဒါကတော့ ထူးခြားတဲ့ ပြောဆိုချက်တွေအတွက် သီးခြားလွတ်လပ်တဲ့ အတည်ပြုချက် လိုအပ်တယ် ဆိုတာပါပဲ။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးအကျဉ်းသူ တယောက်ဟာ ကျန်းမာရေးကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံနေရပါတယ်လို့ အစိုးရတရပ်က အခိုင်အမာ ပြောနေမယ်ဆိုရင်၊ အဲဒီပြောဆိုချက်တွေကို ဘက်မလိုက်ဘဲ အတည်ပြုပေးမဲ့သူတွေကို သူတို့အနေနဲ့ ကြိုဆိုရမှာပါ။

သီးခြားလွတ်လပ်တဲ့ ဆရာဝန်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဥပဒေရေးရာ ကိုယ်စားလှယ်တွေ၊ ဒါမှမဟုတ် နိုင်ငံတကာက လေးစားရတဲ့ လေ့လာစောင့်ကြည့်သူတွေကို သူ့ရဲ့ အခြေအနေကို စစ်ဆေးအတည်ပြုခွင့် ပေးသင့်ပါတယ်။

ဒီလို ပွင့်လင်းမြင်သာမှုရှိတာဟာ ယုံကြည်မှုကို လျော့ကျစေတာ မဟုတ်ဘဲ ပိုပြီးတော့တောင် ခိုင်မာလာစေမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ နှုတ်ဆိတ်နေမှုတွေက ဆက်ရှိနေတုန်းပါပဲ။ နှုတ်ဆိတ်နေခြင်းက မရေရာမှုတွေကို မွေးဖွားပေးပြီး၊ မရေရာမှုကတော့ ယုံကြည်မှုကို မလွဲမသွေ ပျက်စီးစေပါတယ်။

သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ (Proof of Life) ကျနော်တို့ရဲ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံအပေါ် ရန်လိုတဲ့ လုပ်ရပ် လုံးဝ မဟုတ်ပါဘူး။ သွေးခွဲဖို့ ဒါမှမဟုတ် ပဋိပက္ခတွေ ပိုဆိုးလာအောင် လုပ်နေတာလည်း မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အမှန်တရားဆိုတာ ပြန်လည်သင့်မြတ်ရေးရဲ့ အစပျိုးရာ ဖြစ်ပါတယ်၊၊ ပွင့်လင်းမြင်သာမှုဆိုတာ အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ နေထိုင်ခဲ့တဲ့ နှစ်တွေတလျှောက် ကျနော့်ရင်ထဲကနေ ဘယ်တော့မှ ပျောက်ပျက်မသွားမဲ့ အရာတခုကို ကျနော် သင်ယူခဲ့ရပါတယ်။ အဲဒါကတော့ နိုင်ငံရေး ခံယူချက်တွေရဲ့ နောက်ကွယ်မှာ လူသားဆန်တဲ့ နှလုံးသားတခု ခုန်လှုပ်နေတယ် ဆိုတာပါပဲ။

စစ်သားတွေလည်း သူတို့ကလေးတွေကို ချစ်ကြပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေလည်း အိုမင်းလာတဲ့ မိဘတွေအတွက် ပူပန်ကြပါတယ်။ ဆရာဝန်တွေ ဆိုတာလည်း လူနာကို ကုသပေးဖို့ ကတိသစ္စာပြုထားသူတွေပါ။ ရဟန်းသံဃာတွေက မေတ္တာတရားအတွက် ဆုတောင်းပေးကြသလို၊ ဆရာ၊ ဆရာမတွေကလည်း ဉာဏ်ပညာတွေ တိုးပွားဖို့ မျှော်လင့်ကြပါတယ်။ လယ်သမားတွေက မိုးရွာဖို့ ဆုတောင်းကြပြီး၊ မိခင်တွေက ငြိမ်းချမ်းရေးကို အိပ်မက်မက်ကြပါတယ်။ ဖခင်တွေကတော့ လုံခြုံမှုကို မျှော်လင့်ကြပါတယ်။ ဒီလို တူညီတဲ့ မျှော်လင့်ချက်တွေက “လိပ်ပြာသန့်မှု၊ ကိုယ်ကျင့်တရား” ဆိုတာ ဘယ်နိုင်ငံရေးပါတီပိုင်မှ မဟုတ်ဘူး ဆိုတာကို ကျနော်တို့ကို သတိပေးနေပါတယ်။ ဒါဟာ ကျနော်တို့အားလုံး တူညီစွာ ပိုင်ဆိုင်ထားတဲ့ လူသားဆန်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတောင်းဆိုချက်ဟာ နိုင်ငံတော်ယန္တရားတွေနဲ့ အလုပ်သဘောအရ ထိတွေ့ဆက်ဆံနေရသူ အားလုံးဆီကို ရည်ရွယ်ပါတယ်။ ကျနော် ကလဲ့စားချေဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ အမုန်းတရားကနေ ပေါက်ဖွားလာတဲ့ သစ္စာဖောက်မှုကို တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ လူတဦးချင်းစီတိုင်းအနေနဲ့ “အမှန်တရားအပေါ် သစ္စာစောင့်သိခြင်းဟာ ကြောက်ရွံ့မှုအပေါ် သစ္စာခံခြင်းထက် အဆုံးမှာ ပိုပြီး မြင့်မြတ်တယ်” ဆိုတာကို သတိရပေးကြဖို့ပဲ ကျနော် တောင်းဆိုချင်တာပါ။

အာဏာရှင်စနစ်တွေဟာ သူတို့ရဲ့ အင်အားထက်စာရင် လျှို့ဝှက်ဖုံးကွယ်မှုတွေအပေါ်မှာ ပိုပြီး မှီခိုရပ်တည်နေရတယ် ဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီ။ သာမန်ပြည်သူတွေကို “ရိုးသားတာထက် ငြိမ်ငြိမ်လေးနေတာက ပိုဘေးကင်းတယ်၊ လိပ်ပြာသန့်တာထက် အမိန့်နာခံတာက ပိုမွန်မြတ်တယ်” လို့ ယုံကြည်အောင် သိမ်းသွင်းပြီး သူတို့ ရှင်သန်ကြပါတယ်။ ဒါပေမဲ့ သမိုင်းက ထပ်ပြီး သက်သေပြတာက လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတိုင်းဟာ လူအများစုက “အမှန်တရားကို ထုတ်ပြောဖို့ တန်ပါတယ်” လို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်တဲ့ အချိန်ကနေစပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို စစ်ဗိုလ်ချုပ်တွေ၊ ဒါမှမဟုတ် နိုင်ငံရေးသမားတွေချည်းပဲ အဆုံးအဖြတ်ပေးသွားမှာ မဟုတ်ပါဘူး။ လူမြင်ကွင်းမှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာပဲဖြစ်ဖြစ် ခြိမ်းခြောက်ခံရမှုထက် ဖြောင့်မတ်တည်ကြည်မှုနဲ့ ကိုယ်ချင်းစာတရားကို ရွေးချယ်ကြမဲ့ မရေမတွက်နိုင်တဲ့ လူပုဂ္ဂိုလ်တွေကပါ ပုံဖော်ပေးသွားမှာပါ။

ကိုယ်ကျင့်တရားဆိုင်ရာ ရဲစွမ်းသတ္တိ ဆိုတာ အသံကျယ်ကျယ်နဲ့ ထွက်ပေါ်လာလေ့ မရှိပါဘူး။ အများအားဖြင့်တော့ အမှန်တရားကို ပြောဖို့၊ အလိမ်အညာတွေမှာ မပါဝင်ဖို့ ငြင်းဆန်တာနဲ့၊ ထောင်ချထားရုံနဲ့ လူ့ဂုဏ်သိက္ခာကို ဖျောက်ဖျက်ပစ်လို့ မရဘူးဆိုတာကို တောင်းဆိုတဲ့ တိတ်ဆိတ်တဲ့ ဆုံးဖြတ်ချက်တွေကနေပဲ ပေါ်ထွက်လာလေ့ရှိပါတယ်။

အကယ်၍ သင်ဟာ အစိုးရအရာရှိတဦး၊ သံတမန်တဦး၊ လူသားချင်းစာနာမှုကူညီရေး လုပ်သားတဦး၊ သတင်းထောက်တဦး၊ ရှေ့နေတဦး၊ ဘာသာရေးခေါင်းဆောင်တဦး၊ ဒါမှမဟုတ် စိုးရိမ်ပူပန်နေတဲ့ နိုင်ငံသားတဦးအနေနဲ့ ပွင့်လင်းမြင်သာမှု ပိုရှိလာအောင် တိုက်တွန်းနိုင်တဲ့ နေရာမျိုးမှာ ရှိနေမယ်ဆိုရင်၊ ဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အဲဒီလို လုပ်ဆောင်ပေးဖို့ ကျနော် တိုက်တွန်းချင်ပါတယ်။ သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုပေးပါ။ ယုံကြည်စိတ်ချရတဲ့ စောင့်ကြည့်လေ့လာမှုတွေကို ထောက်ခံပေးပါ။ ဘက်မလိုက်ဘဲ အတည်ပြုစစ်ဆေးနိုင်ဖို့ တိုက်တွန်းပေးပါ။ ထင်ကြေးပေးမှုတွေ နေရာမှာ အချက်အလက်တွေ၊ ကောလာဟလတွေ နေရာမှာ တာဝန်ခံမှုတွေ အစားထိုးနိုင်အောင် ကူညီပေးကြပါ။

ဒါဟာ ထူးခြားပြောင်မြောက်တဲ့ အမျိုးသမီးတဦးတည်းအတွက် မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ကိုယ်ကျင့်တရား စရိုက်လက္ခဏာနဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းတိုင်း ရပ်တည်ရမဲ့ မူဝါဒတွေအတွက် ဖြစ်ပါတယ်။ ကိုယ့်လုပ်ရပ်အပေါ် ကိုယ်ယုံကြည်မှုရှိတဲ့ အစိုးရတရပ်အနေနဲ့ သီးခြားလွတ်လပ်တဲ့ လေ့လာစောင့်ကြည့်မှုတွေကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပါဘူး။ ပွင့်လင်းမြင်သာမှု ဆိုတာ အားနည်းလို့ အလျှော့ပေးရတာ မဟုတ်ပါဘူး။ ယုံကြည်မှုရှိတာနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားကြောင်း ပြသတဲ့ သက်သေတခုပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်၊ ထပ်တလဲလဲ ဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ ကြီးမားလှတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ခံစားခဲ့ကြရပါတယ်။ ဒါပေမဲ့ အရာအားလုံးကြားထဲကနေ ကမ္ဘာကြီးကိုတောင် အံ့သြသွားစေလောက်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက်ပြသနေကြတုန်းပါပဲ။ လွတ်လပ်ရေးအတွက် သူတို့ရဲ့ တမ်းတမှုက ပျောက်ကွယ်မသွားပါဘူး။ သူတို့ရဲ့ မျှော်လင့်ချက်တွေလည်း ငြိမ်းသက်မသွားပါဘူး။ လူ့ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဟာ ထောင်သွင်းအကျဉ်းချခံရမှု၊ ဆင်ဆာဖြတ်တောက်ခံရမှု၊ ပြည်နှင်ဒဏ်ပေးခံရမှုနဲ့ အကြမ်းဖက်မှုတွေကြားကနေ ရှင်သန်နေဆဲပါ။ဒီလို ကြံ့ကြံ့ခံနိုင်စွမ်းဟာ ထိုက်တန်တဲ့ အဖြေတခုကို ရသင့်ပါတယ်။ 

နိုင်ငံတကာ အသိုက်အဝန်းမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီမူဝါဒတွေကို တန်ဖိုးထားတဲ့ အစိုးရတွေအနေနဲ့ ဒီကိစ္စကို လူသိရှင်ကြားနဲ့ ဆက်တိုက် အသံထွက်ပေးသင့်ပါတယ်။ ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ဦးစားပေး အဆင့်အနေနဲ့ သတ်မှတ်သင့်ပါတယ်။ ကုလသမဂ္ဂနဲ့ လေးစားရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံခွင့်နဲ့ သီးခြားလွတ်လပ်တဲ့ အတည်ပြုစစ်ဆေးခွင့်ကို ဆက်လက်တောင်းဆိုသင့်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း အချက်အလက်တွေကို ဂရုတစိုက်၊ တိကျမှန်ကန်မှု၊ ဖြောင့်မတ်တည်ကြည်မှုတွေနဲ့ ဆက်လက် မှတ်တမ်းတင်သွားသင့်ပါတယ်။

ဒီလုပ်ရပ်တွေထဲက ဘယ်တခုကမှ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ လူသားတိုင်းရဲ့ တန်းတူညီမျှ တန်ဖိုးကို အသိအမှတ်ပြုတဲ့ တလောကလုံးဆိုင်ရာ မူဝါဒတွေကို ထင်ဟပ်နေတာသာ ဖြစ်ပါတယ်။

သမိုင်းမှာ ပွင့်လင်းမြင်သာတဲ့ လုပ်ရပ်တခုတည်းကနေ နိုင်ငံတနိုင်ငံရဲ့ လားရာကို ပြောင်းလဲသွားစေနိုင်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို သီးခြားလွတ်လပ်စွာ စစ်ဆေးခွင့် ပြုလိုက်ခြင်းဟာ အဲဒီလို အခိုက်အတန့်မျိုး ဖြစ်လာနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလှတဲ့ နိုင်ငံရေးအကျပ်အတည်းကြီးကို ညတွင်းချင်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမဲ့ လျှို့ဝှက်ဖုံးကွယ်မှုတွေ နေရာမှာ တာဝန်ခံမှု၊ သံသယတွေ နေရာမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ အစားထိုးဖို့ ဆန္ဒရှိတယ်ဆိုတာကို ပြသရာရောက်ပါလိမ့်မယ်။

အဲဒီလို လုပ်ရပ်ဟာ မြန်မာပြည်သူတွေအတွက်သာမက လက်ရှိ အုပ်ချုပ်နေသူတွေအတွက်ပါ အကျိုးရှိစေမှာပါ။ ဖုံးကွယ်ထားခြင်းအားဖြင့် ဘယ်လူ့အဖွဲ့အစည်းမှ ခိုင်မာအားကောင်းလာမှာ မဟုတ်လို့ပါပဲ။ တရားဝင်အစိုးရဆိုတာ အမှန်တရား၊ ပွင့်လင်းမြင်သာမှုနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားမှုတို့ကနေပဲ ပေါက်ဖွားလာတာပါ။

ဒါကြောင့် ကျနော့်ရဲ့ တောင်းဆိုချက်ဟာ ရိုးရှင်းသလို အရေးတကြီးလည်း လိုအပ်နေပါတယ်။ သီးခြားလွတ်လပ်တဲ့ အတည်ပြုစစ်ဆေးမှုကို ခွင့်ပြုပေးပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အခြေအနေကောင်းမွန်ကြောင်းကို အရည်အချင်းပြည့်မီတဲ့ လေ့လာ စောင့်ကြည့်သူတွေက အတည်ပြုခွင့်ပေးပါ။ တရားဝင်ထုတ်ပြန်ချက်တွေချည်းသက်သက်နဲ့ လုပ်လို့မရတာတွေကို လက်တွေ့လုပ်ရပ်နဲ့ ပြသပေးပါ။ မရေရာမှုတွေကို သက်သေအထောက်အထားတွေနဲ့ အစားထိုးပါ။ ကောလာဟလတွေကို အချက်အလက်တွေနဲ့ အစားထိုးပါ။ လျှို့ဝှက်ဖုံးကွယ်ထားမှုတွေကို ပွင့်လင်းမြင်သာမှုနဲ့ အစားထိုးပေးကြပါ။

လိပ်ပြာသန့်ဖို့ အခက်ခဲဆုံးအချိန်မှာ ကိုယ်ကျင့်တရားနဲ့ လိပ်ပြာသန့်မှုကို ရွေးချယ်ခဲ့သူတွေကို သမိုင်းက အံ့မခန်းနည်းလမ်းတွေနဲ့ မှတ်တမ်းတင်ထားလေ့ ရှိပါတယ်။ ခေတ်တိုင်း၊ မျိုးဆက်တိုင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ မျှော်တွေးနိုင်စွမ်းကို စမ်းသပ်မဲ့ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ရစမြဲပါ။ အခုအချိန်ဟာ အဲဒီလို အခိုက်အတန့်တွေထဲက တခုပါပဲ။

ကျနော်တို့အနေနဲ့ အဆင်ပြေလွယ်ကူမှုထက် အမှန်တရားကို၊ ကြောက်ရွံ့မှုထက် ကိုယ်ချင်းစာတရားကို၊ နှုတ်ဆိတ်နေမှုထက် ဂုဏ်သိက္ခာကို ရွေးချယ်နိုင်ကြပါစေ။ နိုင်ငံတနိုင်ငံရဲ့ ကြီးမြတ်မှု အတိုင်းအတာဆိုတာ အကျဉ်းသားတွေအပေါ် ကျင့်သုံးတဲ့ အာဏာမှာရှိတာမဟုတ်ဘဲ၊ သူတို့အပေါ်ထားရှိတဲ့ လူသားဆန်မှုမှာပဲ ရှိတယ်ဆိုတာကို သတိရနိုင်ကြပါစေ။ ပြီးတော့ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ အခုလို တောင်းဆိုချက်ဟာ နိုင်ငံရေးအရ တောင်းဆိုမှုသက်သက် မဟုတ်ပါဘူး။ ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သီးခြားလွတ်လပ်တဲ့ မျက်မြင်သက်သေမပါဘဲ ကမ္ဘာကြီးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်မသွားသင့်ဘူးဆိုတဲ့ ခိုင်မာတဲ့ အတည်ပြုချက်တခု ဖြစ်လာပါစေ။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ကြောက်ရွံ့မှုတွေနဲ့ ရေးဆွဲသွားမှာ မဟုတ်ဘဲ၊ ကိုယ်ကျင့်တရား လိပ်ပြာသန့်မှုတွေနဲ့ပဲ ရေးသားသွားမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်ကျင့်တရားနဲ့ လိပ်ပြာသန့်မှုတွေ အောင်ပွဲခံနိုင်ဖို့အတွက် ကျနော်တို့အားလုံး ရဲရဲဝံ့ဝံ့နဲ့ ဉာဏ်ပညာရှိရှိ ကြိုးပမ်းနိုင်ကြပါစေ။

အလန် ကလီးမန့်စ်

(စာရေးဆရာ အလန်ကလီးမန့်စ် (Alan Clements) ရေးသားသည့် “Proof of Life Is a Test of Conscience Why the World Must Demand Independent Verification of Aung San Suu Kyi's Well-Being” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

အလန် ကလီးမန့်စ်ဟာ စာရေးဆရာတဦး၊ မြန်မာနိုင်ငံမှာ ရဟန်းဝတ်ခဲ့ဖူးတဲ့ ဘုန်းကြီးဟောင်းတပါးဖြစ်သလို၊ ကိုယ်ကျင့်တရား၊ အကြမ်းမဖက်ရေးနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရေးတွေကို ဘဝရဲ့အဓိကလုပ်ငန်းစဉ်အဖြစ် ထားရှိတဲ့ ကာလရှည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။

သူဟာ “Conversation with a Dictator”၊ “Unsilenced: Aung San Suu Kyi -- Conversations from a Myanmar Prison” နဲ့ “Politics of the Heart: Nonviolence in an Age of Atrocity” အပါအဝင် စာအုပ်ပေါင်း ၁၇ အုပ်ကို ရေးသားခဲ့သူပါ။

ဆယ်စုနှစ် ၃ ခုကျော်ကြာ မြန်မာဒီမိုကရေစီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ရဟန်းသံဃာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ဆောင်းပါးတွေနဲ့ အင်တာဗျူးတွေကို အာရှ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု အနှံ့အပြားက နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013