DVB Logo
Home
မြန်မာသတင်း
အမ်အိုယူ ရွှေ့ပြောင်းအလုပ်သမား ပြဿ နာများ ဖြေရှင်းစေလို
DVB
·
June 5, 2015
အမ်အိုယူ ရွှေ့ပြောင်းအလုပ်သမား ပြဿ     နာများ ဖြေရှင်းစေလို
Donate to DVB

ထိုင်းနိုင်ငံထဲကို နှစ်နိုင်ငံ သဘောတူစာချွန်လွှာ (အမ်အိုယူ) စနစ်နဲ့ ရောက်ရှိလာတဲ့ အလုပ်သမားတွေအနေနဲ့ သူတို့ရင်ဆိုင်ရတဲ့ ပြဿ နာ အခက်အခဲတွေကို သက်ဆိုင်ရာက သိရှိဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဇွန် ၄ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လာတဲ့ အမ်အိုယူ ရွှေ့ပြောင်းအလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်တာပါ။

ထိုင်းနိုင်ငံထဲ ရောက်သွားတဲ့အခါ စာချုပ်ထဲပါတဲ့ အလုပ်အတိုင်း မလုပ်ရတာ၊ နေရာတွေ ပြောင်းသွားတာ၊ အခက်အခဲကြုံရတဲ့အခါ ပွဲစားက တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် မြန်မာသံအရာရှိတွေရဲ့ ခြိမ်းခြောက်ငေါက်ငမ်းတာတွေ ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာက ရွှေ့ပြောင်းအလုပ်သမား  မသန်းသန်းပြုံးက ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ ကုမ္ပဏီတခုကို ကျပ်ငွေ ၄ သိန်းပေးခဲ့ရပေမယ့် ၂ လအတွင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“ကျမတို့အသုတ်က ၂၄ ယောက်ပေါ့။ ပြောတုန်းကတော့ သောက်ရေသန့်စက်ရုံမှာတဲ့။ တကယ်ရောက်သွားတော့ ပစ္စည်းအဟောင်းရွေးတဲ့နေရာ၊ အမှိုက်တွေနဲ့ ညစ်ညစ်ပတ်ပတ် လုပ်ရတဲ့နေရာကို ရောက်သွားတယ်။ အလုပ်လုပ်ပြီးတော့လည်း ရေတခါချိုးရဖို့ အကြာကြီး စောင့်ရတယ်။ ဘုံဘိုင်က နည်းနည်းချင်းပဲ ကျတယ်။ လုပ်အားခက တနေ့ ၃၀၀ ပေးမယ်ပြောပြီး ၁၀၀၊ ၁၅၀ ပဲရတယ်။ အလုပ် ခဏခဏနားတော့ အဲဒါလည်း အပြည့်မရပြန်ဘူး။ ဟင်းဆိုလည်း ကန်စွန်းရွက်ပဲ ခူးစားရတယ်။ ဒီကြားထဲ မိုးကယိုသေးတယ်။ သံရုံးအရာရှိ ဦးသိန်းနိုင် လာကြည့်တယ်။ ကျမတို့ ဒုက္ခရောက်နေတဲ့အကြောင်းပြောတော့ သူက ကုမ္ပဏီဘက်ကနေပြီး ကျမတို့ကို ပြန်ငေါက်သေးတယ်။ အစကတည်းက ဒီလိုလုပ်ရမယ်ဆိုတာကို ပြောထားဖို့၊ ဒီလိုပြဿနာကို အစိုးရက ဘယ်လိုဥပဒေနဲ့ ဖြေရှင်းပေးမလဲလို့ မေးတာ အစိုးရကို ထိခိုက်လို့တဲ့ ဖမ်းချုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။” လို့ ပြောပါတယ်။

နောက်ဆုံး အကြွေးတင်ပြီး ဒုက္ခရောက်နေတုန်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်နဲ့  အဆက်သွယ်ရပြီး အကူအညီပေးတဲ့အတွက်  ရန်ကုန်ကို ပြန်လာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း မြင်းခြံကနေ ထိုင်းနိုင်ငံကို သွားရောက်ခဲ့သူ တဦးကလည်း  စာချုပ်ထဲပါတဲ့ ထိုင်းကုမ္ပဏီဆိုတာ အမှန်တကယ်မရှိဘဲ ဒုက္ခရောက်ခဲ့ရပုံတွေကို ပြောကြားသွားပါတယ်။

မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံကို  တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်ဖို့အတွက်  အလုပ်သမားစေလွှတ်ရေး သဘောတူချက် စာချွန်လွှာ (အမ်အိုယူ)  အစီအစဉ်ကို နှစ်နိုင်ငံ အစိုးရတွေ သဘောတူ လုပ်ဆောင်နေတာပါ။

လတ်တလော တိုင်းနိုင်ငံမှာ အမ်အိုယူ အစီအစဉ်နဲ့ သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားပေါင်း ၂ သိန်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (အမ်အေတီ) က ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013