
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် တယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာကြောင့် လူထုဒေါသထွက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး ဘာရူရီပူရ်မြို့မှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း မာမာတာ ဘန်နာဂျီ ကိုယ်တိုင်ဦးဆောင်ပြီး ဒီဖြစ်ရပ်အတွက် တရားမျှတမှုရဖို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
မိန်းကလေးငယ်ဟာ ဇူလိုင် ၅ ရက်က ပျောက်ဆုံးသွားခဲ့ပြီးနောက် ရေကန်တခုထဲမှာ သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုရဲ့ အဓိကသံသယရှိသူ တရားခံကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားခဲ့ပြီး ပြစ်မှုကျူးလွန်ပုံကို ပြန်လည် သရုပ်ပြခိုင်းဖို့အတွက် အဲ့ဒီရေကန်ဆီ ခေါ်ဆောင်သွားချိန်မှာတော့ တရားခံဟာ ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ လက်နက်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရာကနေ တရားခံ သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပါတယ်။
ဒါပေမဲ့ တရားခံသေဆုံးသွားမှုအပေါ် အတိုက်အခံပါတီတွေဘက်က မကျေမနပ်ဖြစ်ပြီး ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
ဒေသတွင်း အတိုက်အခံ ထရီနာမူးလ် ကွန်ဂရက်ပါတီခေါင်းဆောင် မာဟွာမွိုင်းထရာက “တရားခံဖမ်းဆီးရေး စည်းမျဉ်းတွေအရ ရဲတပ်ဖွဲ့ဟာ တရားခံရဲ့ ဒူးအောက်ပိုင်းကိုပဲ ပစ်ခတ်ရမှာပါ။ အခုလို ရင်ဘတ်၊ ကျောကုန်း၊ ဦးခေါင်းတွေကို ပစ်သတ်ခွင့်မရှိပါဘူး။ အဲလိုမဟုတ်ရင်တော့ ရဲနဲ့ အဓိကရုဏ်းလုပ်တဲ့ လူအုပ်ကြားမှာ ဘာမှ ကွာခြားမှု ရှိတော့မှာမဟုတ်ဘူး။ ဒါဟာ ဥပဒေစိုးမိုးရေးစနစ် မဟုတ်တော့ဘဲ ဥပဒေမဲ့တဲ့ စနစ်ဆီ ဦးတည်သွားတာပဲ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်မှာရဲ့ လက်ရှိဝန်ကြီးချုပ် ဆူဗန်ဒူ အာဒ်ဟီကာရီကလည်း “ဘာရူရီပူရ် ဖြစ်စဉ်တင် မကဘဲ ပြည်နယ်တခုလုံးမှာ အခုလိုမျိုး ဖြစ်ရပ်တွေ မပေါ်ပေါက်စေဖို့အတွက် ပထမနေ့ကတည်းက အလေးထား ဆောင်ရွက်နေပါတယ်။ ရဲကော်မရှင်နာ၊ ရဲမှူးကြီးတွေနဲ့လည်း ဆွေးနွေးထားသလို အစိုးရနဲ့ ရဲတပ်ဖွဲ့ဘက်က တတ်နိုင်သမျှ အကုန်လုံး လုပ်ဆောင်ပေးနေပါတယ်” လို့ တုံ့ပြန်ပြောကြားထားပါတယ်။
အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးဖို့ဆိုတာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပပြီးစီးခဲ့တဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမှာ အနောက်ဘင်္ဂလားပြည်နယ်အတွင်း ပထမဆုံးအကြိမ် အာဏာရရှိလာခဲ့တဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီပါတီရဲ့ အဓိက မဲဆွယ်ကတိကဝတ်လည်း ဖြစ်ပါတယ်။
Source: Reuters










