
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာအနီးမှာ သြဂုတ် ၁၉ ရက် ညနေက အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ကြား တိုက်ပွဲ အပြင်းအထန်ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ သတင်းရင်းမြစ်တယောက်က “မနေ့က ညနေဘက်မှာ စကစ စစ်ကြောင်း လှုပ်ရှားနေတာ တွေကို AA က ဝင်တိုက်လို့ တိုက်ပွဲ ပြင်းနေတယ်။ စကစဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး အစုံပစ်ပေးနေတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ တောင်မော်ဦးရေတပ်ရဲ့ အဓိက အခိုင်အမာ တည်ဆောက်ထားတဲ့ အဝတောင်ကျေးရွာ ကာကင်းစခန်းကနေပြီး စစ်တပ်စစ်ကြောင်းတွေ တမိုင်ဝန်းကျင်ထိ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် အခုလို တိုက်ပွဲဖြစ်ကြတယ်လို့ သူက ဆိုပါတယ်။
အလားတူ စစ်အာဏာရှင်တပ် စစ်ကြောင်းတွေ မင်းပြင်၊ သိုင်းချောင်းဘက်ကနေပြီး ဇင်ချောင်းဘက်ကို သြဂုတ် ပထမအပတ်က ထိုးစစ်ဆင်လာပြီး အာရက္ခတပ်တော်ရဲ့ ဖြတ်တိုက်မှုကြောင့် စစ်ကြောင်း နောက်ဆုတ်သွားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“မင်းပြင်၊ သိုင်းချောင်းဘက်တွေက စစ်ကြောင်းက ဒီရက်ပိုင်း နောက်ဆုတ်သွားတယ်။ အဲဒီဘက် တွေမှာလည်း AA က စကစ စစ်ကြောင်းလှုပ်ရှားမှုအပေါ် မူတည်ပြီး တိုက်ခိုက်တယ်။”
ကျောက်ဖြူမှာ စစ်အာဏာရှင်တပ်ရဲ့ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ရဲတပ်ရင်း ၃၂၊ သစ်ပုတ်တောင် ရေတပ်ဌာနချုပ် တို့မှာ လက်နက်အင်အား လူအင်အား ဖြည့်တင်းနေပါတယ်။
ဒီ့နောက် အခု သြဂုတ် ပထမအပတ်က စစ်ကြောင်းတကြောင်းမှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ တောင်မော်ဦးဘက်ကနေ အဝတောင်စစ်ကြောင်း၊ မင်းပြင်-သိုင်းချောင်းဘက်ကနေ ဇင်ချောင်းစစ်ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက် ကျဆုံးပြီး မင်းပြင်-သိုင်းချောင်းဘက်က စစ်ကြောင်းဟာ သိုင်းချောင်းဆည်ဘက်ရှိ စခန်းကို နောက်ဆုတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။











