DVB Logo
Home
Lead Story
ထိပ်သီးဆွေးနွေးပွဲ မိုးလေ၀သက မနက်ပိုင်းတုန်းက ပြင်းတယ် - ဒေါ်စောမြရာဇာလင်း
DVB
·
June 4, 2015
ထိပ်သီးဆွေးနွေးပွဲ မိုးလေ၀သက မနက်ပိုင်းတုန်းက ပြင်းတယ် - ဒေါ်စောမြရာဇာလင်း
1 / 2
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)ထိန်းချုပ်နယ်မြေ လော်ခီးလာ မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တတိယနေ့ကို ဒီကနေ့ ကျင်းပရာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း)ထဲက  စာသားတချို့ ကို ပြင်ဆင်ဖို့ တင်ပြမှုအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ မူလက ဒီကနေ့ အပြီးသတ်ဆုံးဖြတ်မယ်လို့ တွက်ဆထားပေမယ့်   အခြေခံမူပိုင်း၊ အခန်း ၁၊ ၂ နဲ့ ၃ တွေမှာ ပါတဲ့ စကားလုံးတွေကို ပြင်ဆင်လိုကြတဲ့အဖွဲ့အစည်းတွေက တင်ပြကြတဲ့အပေါ်မှာ အခြေအတင် ဆွေးနွေးကြတာ ဖြစ်ပြီး ပြီးပြတ်ခြင်း မရှိတာကြောင့် နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ရခိုင်၊ တအောင်းပလောင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေက အန်စီစီတီကနေ နုတ်ထွက်ခွင့်ပြုဖို့ ကိစ္စကိုလည်း   ဆက်လက် ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အန်စီစီတီအဖွဲ့ဝင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ ထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲ တတိယနေ့မှာ ဖြစ်ထွန်းတိုးတက်မှုကို ပြောပြပါ။

“အဓိကကတော့ ကျမတို့ Single Text ကိုပဲ ဆွေးနွေးကြပါတယ်။ အထူးသဖြင့်ဆိုလို့ရှိရင် အခြေခံမူပိုင်း။ အခြေခံမူပိုင်းမှာ ပြင်ဆင်လိုတဲ့ စကားလုံးတွေကို တချို့အဖွဲ့အစည်းတွေက တင်ပြကြတာ ရှိပါတယ်။ နောက်ပြီးလို့ရှိရင် အခန်း ၁၊ ၂၊ ၃ တွေမှာ ပါတဲ့ စကားလုံးတွေကိုလည်းပဲ ပြင်ဆင်လိုကြတဲ့အဖွဲ့အစည်းတွေက တင်ပြကြတဲ့အပေါ်မှာ ကျမတို့က ပြန်လည်ဆွေးနွေးတာ ဖြစ်ပါတယ်။”

ပြင်ဆင်ဖို့တင်ပြလာတဲ့အကြောင်းအချက်တွေက ပြန်လည်ပြင်ဆင်မယ်ဆိုရင် လွယ်ကူ မလား။ ခက်ခဲတဲ့ လမ်းကြောင်းလျောက်ရမလား။   

“ကျမတို့က ဒီလက်နက်ကိုင်တော်လှန်ရေးကိုယ်နှိုက်က နှစ်ပေါင်းများစွာ ရှည်ကြာလာတဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတခုလုံး ငြိမ်းချမ်းဖို့ရာအတွက် အကြောင်းအရာကို ဆွေးနွေးတဲ့အခါမှာ အင်မတန်မှ အရေးကြီးတယ်။ အားလုံးဘက်က သဘော သဘာဝအရဆိုရင် စိုးရိမ်မှုတွေ ရှိနေကြတယ်။ အဲဒီအပေါ်မှာတော့ ဒီစကားလုံးတွေအပေါ်မှာ ဆွေးနွေးကြတာ မဆန်းဘူးလို့ ကျမမြင်တယ်။ ပြီးလို့ရှိရင် ၃၁ ရက် (မတ်လ) နေ့မှာ လက်မှတ်ထိုးခဲ့ကြတဲ့ ယူပီဒဗလျူနဲ့ အန်စီစီတီ လက်မှတ်ထိုးတဲ့အချိန်မှာလည်း ယူပီဒဗလျူစီကလည်း ယူပီစီစီ တင်ပြမယ်၊ ကျမတို့ အန်စီစီတီဘက်ကလည်းပဲ ဒီဘက်မှာ ကျမတို့ တိုင်းရင်းသားခေါင်းဆောင်တွေကိုတင်ပြမယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရှိတော့ အဲဒီအချက်တွေကို ကျမတို့က ဒီမှာလာပြီးတော့မှ ဒီမှာလာတင်ပြကြတာ ဖြစ်ပါတယ်။ အဲဒီအချက်တွေပေါ်မှာပဲ ဆွေးနွေးစရာရှိတာတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။”

အခုဆွေးနွေးပွဲမှာ အဖွဲ့အစည်းတွေက ဇောင်းပေးပြီးတော့ ပြင်ချင်တယ်ဆိုတဲ့ အချက်တွေက ၁၊ ၂၊ ၃ အရ တန်းစီရင် ဘယ်အချက်တွေ ဖြစ်မလဲခင်ဗျ။

“ဥပမာလောက်ပဲ ကျမ နည်းနည်း ပြောချင်တယ်။ ဥပမာဆိုလို့ရှိရင်ပေါ့နော်။ ဖက်ဒရယ် တပ်မတော်ဆိုင်ရာ ကိစ္စဆိုတဲ့အထဲမှာ ဖက်ဒရယ်တပ်မတော်ဆိုတဲ့စကားလုံးက ပါလာတယ်၊ တိုင်းရင်းသားတွေဘက်က တင်တဲ့အခါမှာ။ ကျမတို့က ဒီစကားလုံးတွေနဲ့ ယူပီဒဗလျူစီနဲ့ ဆွေးနွေးတဲ့အခါမှာ ကျမတို့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရတယ်ဆိုတာကို ကျမတို့ ပြန်လည်ရှင်းပြတယ်။ နောက်တခုက ပင်လုံစိတ်ဓာတ်ဆိုပြီးတော့မှ ရေးပြထားတဲ့ text မှာပါတဲ့စကားလုံးကို ပင်လုံစာချုပ်ဆိုပြီးတော့မှ ထည့်ချင်တဲ့ SSPP တို့က စကားလုံး တင်လာတာတွေ ရှိတယ်။ ကျမတို့ဘက်ကတော့ ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံ ကတိက၀တ်ဆိုတာမျိုးကို ကျမတို့ Single Text ကို ရေးဆွဲကြတဲ့အချိန်ကတည်းက ကျမတို့ အများကြီး ငြင်းခဲ့ကြပြီဖြစ်တယ်။”

“ဒါပေမယ့် Negotiation (စေ့စပ်ညှိနှိုင်းမှု) ဆိုတာကတော့ နှစ်ဦး နှစ်ဘက်ပဲလေ။ ဟိုဖက်က လက်ခံနိုင်တဲ့စကားလုံး၊ ဒီဖက်က လက်ခံနိုင်တဲ့ စကားလုံးပေါ်မှာ ရွေးပြီးတော့မှ ကျမတို့က ငြင်းခုံရတာ ဖြစ်တယ်။ နောက်ပြီးတော့မှ လူသစ်စုဆောင်းရေးကိစ္စတို့၊ ပြည်ပရန် ကာကွယ်ရေးမှအပတို့ အဲဒီစကားလုံးတွေ ကျမတို့က ဒီတပ်မတော်ဆိုင်ရာ ကိစ္စတွေ၊ Code of Conduct (ကျင့်ဝတ်) တွေမှာ ထည့်ခဲ့ရတဲ့ စကားလုံးတွေက ဒီမှာ တက်လာတယ်။ အဲဒီစကားလုံးတွေကို ကျမတို့က ဒီမှာရှိနေတဲ့ ခေါင်းဆောင်တွေပေါ်မှာတော့ ကျမတို့ အားလုံးကို ပြန်လည်ရှင်းပြနေတာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဒီလို ရှင်းပြရတာလည်း သဘာဝကျတယ်လို့ ကျမမြင်တယ်။ ကျမတို့ ၁၆ ဖွဲ့ရှိတယ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ။ အားလုံးသော အဖွဲ့အစည်းတွေအပြင် အဖွဲ့အစည်း အသီးသီးကလည်း ခေါင်းဆောင်တွေ ရောက်လာကြတဲ့အချိန်မှာ ခေါင်းဆောင်တွေရဲ့ တည်နေရာ ဒေသအရ ခရီးဝေးလံတာတွေ ရှိတယ်။ ဒေတာအချက်အလက်စုံ မရနိုင်တာတွေ ရှိတယ်။  အဲဒီအချက်တွေပေါ်မှာ ဒီမှာအများကြီး ဆွေးနွေးစရာတွေ တက်လာတယ်လို့ပဲ ကျမအနေနဲ့ ပြောချင်ပါတယ်။”

ဒီဆွေးနွေးပွဲက တကယ့်ကို တွန်းတွန်းတိုက်တိုက် ထိတွေ ထိပ်တိုက်တိုးမှုတွေ ရှိလား။ ချောချောမွေ့မွေ့ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝအတိုင်းလား။

“မိုးလေ၀သအခြေအနေကတော့ မတူဘူး။ မနက်ဖြက် မိုးလေ၀သအခြေအနေကတော့ ခပ်ပြင်းပြင်းတော့ ရှိတယ်။ ဒါပေမယ့် နေ့ခင်းဘက်မှာတော့ ပြန်ပြီးတော့ ချောမွေ့လာတယ်။ ညနေပိုင်းမှာတော့ အေးအေးဆေးဆေး ပြန်ဖြစ်တယ်ပေါ့။ အဲဒါကတော့ အစည်းအဝေးရဲ့ သဘောသဘာဝလို့ပဲ ကျမပြောချင်တယ်။”

ထိပ်သီးဆွေးနွေးပွဲမှာ တပ်နေရာချထားရေး၊ ဖက်ဒရယ်အကောင်အထည်ဖော်ရေးကိစ္စ၊ ဖက်ဒရယ်ဆိုတဲ့နေရာမှာ ၈ ပြည်နယ်မူရှိတယ်၊ ၁၄ ပြည်နယ် မူရှိတယ်ဆိုတဲ့ အသေးစိတ် ကျတဲ့အချက်တွေနဲ့ ပတ်သက်လို့ ဘာတွေ ပြောကြလဲ။

“ကျမတို့ မနက်ဖြန်လည်း ထပ်ပြီးတော့ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ ကျမတို့ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း အသေးစိတ်ဆွေးနွေးလာရဦးမှာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့အထိကိုတော့ ကျမတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးတော့မှ ဘယ်အချက်၊ ဘယ်အချက်ကတော့ဖြင့် ပြတ်သွားပြီလို့ ပြောနိုင်တဲ့အနေအထား အားနည်းပါတယ်။ ကျမတို့ ဒီမှာ ဆွေးနွေးထားတဲ့အချက်တွေကို စုဆောင်းထားတယ်။ နောက်လည်း အဲဒီအချက်တွေကိုတော့ အနာဂတ်မှာတော့ နိုင်ငံရေးဆွေးနွေးတဲ့အထဲမှာ ပါလာ နိုင်အောင်လည်း ချပြဖို့အတွက်လည်း စဉ်းစားချက်တွေ ရှိပါတယ်။  ကျမတို့ အန်စီစီတီနဲ့ ယူပီဒဗလျူစီကြားမှာ ဆွေးနွေးပြီးတော့မှ ဘယ်လို ရလဒ်တွေ ရခဲ့သလဲ၊ ဘယ်လိုမျိုး တိုက်ပွဲဝင်ပြီးတော့မှ ကြံရည်ဖန်ရည်ဥာဏ်ရည်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြသလဲဆိုတာကိုတော့ ကျမတို့ ဒီမှာ ပြန်လည်ရှင်းပြတဲ့အခါမှာတော့ ကျမတို့ခေါင်းဆောင်တော်တော်များများကတော့ နားလည်ပေးနိုင်တဲ့အဆင့်မှာတော့ တွေ့ရပါတယ်။”

မနေ့က အန်စီစီတီကနေ နုတ်ထွက်ခွင့်တောင်းတဲ့ တအာင်းပလောင်၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ပတ်သက်လို့ အခြေအနေက လက်ခံလိုက်လား။

“အဲဒါကတော့ တရားဝင်အရတော့ ဆွေးနွေးပြောထားတာတော့၊ နှုတ်စကားအရ ပြောထားတာတော့ ရှိတယ်။ စာကတော့ ကျမတို့လက်ထဲကို ရောက်မလာသေးဘူး။”

တရားဝင်နုတ်ထွက်တာမဟုတ်ဘူးလား။

“သူတို့ကတော့ တင်ပြတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့ လော်ခီးလာရဲ့မူ၊ လိုင်ဇာရဲ့ မူအရ ဆိုလို့ရှိရင် ကျမတို့ တိုင်းရင်းသားအားလုံးပါဝင်ပြီးတော့မှ တစုတစည်းတည်းရှိရေးဆိုတဲ့ မူက ရှိတာကိုး။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စတွေကိုလည်းပဲ ကျမတို့ဒီမှာ ဆွေးနွေးနေကြဆဲပဲ ဖြစ်ပါတယ်။ အားလုံးကတော့ ချောချောမောမောပြန်ဖြစ်လိမ့်မယ်လို့ ကျမ ယုံကြည်မျှော်လင့်ပါတယ်။”

မနက်ဖြန် စတုတ္ထမြောက်နေ့မှာ ဘာတွေ ဦးစားပေးဆွေးနွေးဖို့ စီစဉ်ထားလဲ။

“ဒီကနေ့ မပြီးပြတ်သေးတဲ့ Single Text မှာ ခေါင်းဆောင်တွေက ထည့်လိုကြတဲ့ စကားလုံးတွေကိုပဲ ပြန်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ကျမတို့ မနက်ဖြန် ရှေ့လုပ်ငန်းစဉ် ကျနိုင်မလားပေါ့။  မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013